ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ALDဗဟိုတွဲဘက်အတွင်းရေးမှူးနှင့်တခြားနှစ်ဦးတို့၏ အမှုကို မေလ ၄ရက်နေ့သို့ ထပ်မံရုံးချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 6.5k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ ဧပြီ ၂၁ / ၂၀၂၁

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ၍ တောင်ကုတ်မြို့တွင် ဖမ်းဆီးခံထားရသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဗဟို တွဲဘက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တောင်ကုတ်မြို့မှ ကိုမင်းလှိုင်ထွန်း (ခ) သားသားကြီး၊ ကိုဇာနည်ထူးထူးတို့ (၃) ဦး အမှုအား မေလ ၄ ရက်နေ့သို့ ထပ်မံ ရုံးချိန်းလိုက်သည်ဟု သိရှိရသည်။
ယနေ့ ရုံးချိန်းတွင် video conferencing ဖြင့် ရုံးထုတ်ခဲ့သော်လည်း ဥပဒေအရာရှိခွင့်ယူထားပြီး၊ တောင်ကုတ်မြို့နယ် တရားသူကြီး နေမကောင်းသဖြင့် လာမည့် မေလ ၄ ရက်နေ့သို့ ထပ်မံ ရုံးချိန်လိုက်ခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။
“ဒီနေ့ ရုံးချိန်းတယ်။ ဒါပေမယ့် အမှုမစစ်ဖြစ်ဘူး။ ဥပဒေအရာရှိက ခွင့်ယူထားတယ်။ တရားသူကြီးက နေမကောင်းတဲ့အတွက် မစစ်ဖြစ်ဘူး။ ဥပဒေအရာရှိက မနေ့က ခွင့်ယူထားတယ်။ သူ့မိန်းမ ကလေး မွေးဖွားဖို့ဆိုပြီးတော့ ခွင့်ယူသွားတယ် ” ဟုပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုတွဲဘက် အတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တောင်ကုတ်မြို့မှ ကိုမင်းလှိုင်ထွန်း (ခ) သားသားကြီး၊ ကိုဇာနည်ထူးထူးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြန်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရပြီးနောက် သူတို့အား တောင်ကုတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုဦးစီး ဦးမောင်ထွီးခိုင်က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့မှ (ALD) ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကိုလည်း CDM လုပ်ရှားမှု၌ ပါဝင်သွားကြောင့် ပြီးခဲ့သော မတ်လ ၁၀ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ