သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ANP အနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်ဆောင်ရွက်မှု ရပ်နားမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k

ချစ်အိလှိုင်

နိရဉ္စရာ၊ မေ ၅/ ၂ဝ၂၁

 

ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်ဆောင်ရွက်မှု ရပ်နားတော့မည်ဖြစ်ကြောင်း ယနေ့ စစ်တွေရှိ ပါတီဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောဆိုလိုက်သည်။

 

နို်င်ငံတော် အုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်မှုမှာ တောင်းဆိုထားသည့် အချက်များကို တစ်စုံတစ်ရာလုပ်ဆောင်ပေးခြင်းမရှိခြင်း၊ ရခိုင်အမျိုးသားအကျိုးစီးပွားအား တစ်စုံတစ်ရာ အကျိုးစီးပွား တိုးတက်မှုမရှိသောကြောင်း ဆက်လက်၍ ပူးပေါင်း လုပ်ဆောင်ရန် အစီစဉ်မရှိတော့ဟုယနေ့ နံနက် က ANP ဗဟိုရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

အခုအချိန်မှာ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေအရလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ဆက်စပ် ဆောင်ရွက်နေရုံနဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်တဲ့ အခြေအနေ မတွေ့ဘူး။ အဲလိုမလုပ်ဆောင်နိုင်တဲ့အတွက် ကျွန်တော်တို့ ဗဟိုအလုပ်မှုဆောင် အဖွဲ့အနေနဲ့ မနေ့က နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီနဲ့ ဆက်စပ်ဆောင်ရွက်မှုတွေ ရပ်နားတယ် ဆိုပြီးတော့ ဆုံးဖြတ်ချက် ချပြီးဖြစ်တယ်ဟုပြောသည်။

 

၄င်းတို့အနေဖြင့် နို်ငံတော်ကောင်စီတွင် ပါတီမှ ဒေါ်အေးနုစိန်ပါဝင်မှုမှာလည်းပါတီနှင့် တစ်စုံတစ်ရာ မသက်ဆိုင်ပဲ သူမ၏ ပုဂ္ဂိုလ်ရေးအရ ပါဝင်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ၄င်းတို့ပါတီအနေဖြင့် မြောက်ဦး အစည်းအဝေးမှ အချက်(၆)ချက်တောင်းဆိုခဲ့သည့်အပေါ်တွင်လည်း နစက ကောင်စီက တစ်စုံတစ်ရာ ဆောင်ရွက် ပေးမှုမရှိခဲ့သဖြင့်ယခုကဲသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းသူက ဆက်ပြောသည်။

 

နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့အတွက် ကျွန်တော်တို့ပါတီကို ကမ်းလှမ်းခဲ့တာမဟုတ်ဘူး။ ဒေါ်အေးနုစိန်ပါဝင်မှုသည် ဒေါ်အေးနုစိန်၏ ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းမှုသည်အပေါ်မှာသာ ကျွန်တော်တို့ ပါတီအနေနဲ့ ပါတီရဲ့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ တစ်စုံတစ်ရာ ဆက်စပ် ဆောင်ရွက်ခဲ့တယ်ဆိုတာကို ပြောတာဖြစ်ပါတယ်ဟုပြောသည်။

 

၄င်းတို့ပါတီအနေဖြင့်နို်င်ငံတော်အုပ်ချုပ်ရေးကောင်စီ၏ ကမ်းလှမ်းချက်အပေါ် သဘောထားအမြင်ကို အချက်( ၇ )ချက်ဖြင့် ဖေဖော်ဝါရီ (၄) ရက်နေ့က တောင်းဆိခဲ့ကြောင်း သိရသည်။

 

၄င်းတောင်းဆိုချက်များမှာ  (က)ရခိုင်အမျိုးသားပါတီလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်လှ( ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအားပြန်လွှတ်ပေးရန်၊ (ခ) ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ငြိမ်းချမ်းသော ပြည်နယ်တစ်ခုဖြစ်ပေါ်စေရန် ပြည်နယ်အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနေရာနှင့် ကောင်စီအဖွဲ့ဝင် (၂)နေရာအတွက် ရခိုင်အမျိုးသားပါတီအား ခန့်အပ်တာဝန်ပေးပါရန် () ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာအများစုကို ရခိုင်အမျိုးသားပါတီမှ ခန့်အပ်နေရာပေးပါရန် (ဃ) ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ရှိ စီမံအုပ်ချုပ်ရေးကောင်စီတွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားပြုပါဝင်နိုင်ရေးကို ဆောင်ရွက်ပေးပါရန် (င) ULA/ AAအား အကြမ်းဖက်အဖွဲ့ကြေငြာထားခြင်းမှ ပြန်လည် ရုပ်သိမ်း ပေးပါရန် (စ) ယခင်အစိုးရမှ ဖမ်းဆီးထောင်ချခဲ့သော နိုင်ငံရေး အကျဉ်းသားများအား အကြွှင်းမဲ့ လွှတ်ပေးရန် (ဆ)ရန်ကုန်၊ မန္တလေးအပြင် ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသော တရားခံများဆိုင်ရာအမှုများကို ရုပ်သိမ်းပြီးဖမ်းဆီးထားခြင်းမှ လွှတ်ပေးရန်တို့ဖြစ်သည်။

 

ယင်းအချက်များထဲမှ နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီမှ (က)နှင့်(င) အချက်တို့ကို လိုက်လျော ပေးခဲ့သည်ကို တွေ့ရသော်လည်း ကျန်သည့်အချက်များအား လိုက်လျော့ ပေးမှုမရှိခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ၏ ပြောပြချက်အရသိရသည်။

ဆက်စပ် သတင်းများ