သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

AA နှင့်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခံရသည့် မာန်အောင်ဒေသခံ ပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.4k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၇/၂၀၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်သည်ဟုဆိုကာ ဒေသခံ ၁ ဦး ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရပြီးနောက် ယနေ့ နေ့လယ်က ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။
ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်မြောက်လာသူမှာ မာန်အောင်မြို့နယ် ချောင်းဝကျေးရွာတွင်နေထိုင်သည့် အသက် ၄၂ နှစ်အရွယ် ဦးဦးသိန်းထွန်းဖြစ်သည်။
သူသည် ယမန်နေ့က ဖမ်းဆီးခံရပြီးနောက် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ပြန်လွတ်လာခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ဇနီးဖြစ်သူ ဒေါ်အိပ်စံမက "လူစိမ်းတွေရောက်ရင် နောက်တစ်ခါ ဘုတ်(စက်လှေ)နဲ့ လိုက်မပို့နဲ့ပြောဆိုပြီး သူ့ကို ရိုက်လည်းမရိုက်၊ ပုတ်လည်းမပုတ် ကောင်းကောင်းမွန်မွန် ပြန်အပ်လိုက်တယ်။ စစ်ဆေးမေးမြန်းဖို့ ခေါ်တာပါလို့ ပြောတယ်"ဟု ပြောသည်။
ဦးဦးသိန်းထွန်းသည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် ည ၁ဝ နာရီခန့်တွင် နေအိမ်အတွင်းသို့ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၃ဝ ခန့်၏ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ယင်းနောက် သူ့ကို မာန်အောင်မြို့မရဲစခန်း၌ တစ်ညတာဖမ်းဆီးထိန်းသိမ်းခဲ့ကာ ယနေ့တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ဦးဦးသိန်းထွန်းသည် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူဖြစ်သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ