ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်ကောင်စီက (ALP) မှ ဦးခိုင်စိုးနိုင်အောင် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်အများအပြားကို ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.1k

သဥ္ဇာနွယ်
နိရဉ္ဇရာ၊ ဧပြီ ၁၉/၂၀၂၂
မြန်မာနှစ်ဆန်း တစ်ရက် ဧပြီ ၁၇ ရက်နေ့က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးခိုင်စိုးနိုင်အောင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ် ချီးမြှင့်ခဲ့သည်။
ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူများမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌဟောင်း ဦးနိုင်ထောမွန်၊ NMSP ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်၊ PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ KNU/KNLA-PC ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ဌေးမောင်(ခ)စောဌေးမောင်၊ KIO (ခွဲထွက်)ဦးလဆန်အောင် ဝါအဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ၊ KNU ဖဒိုအောင်ဆန်းအဖွဲ့မှ ဖဒိုအောင်ဆန်း၊ KNU တပ်မ ဟာ(၂) သံတောင် အထူးဒေသအဖွဲ့မှ စောဖယ်ရီမိုးနှင့် KNU တပ်မတော်(၆) တပ်ရင်း(၁၆)မှ ဦးစောသမူဟဲတို့ ဖြစ်သည်။
ယင်းအပြင် ကချင်ပြည်နယ်အထူးဒေသ-၁ NDAK ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိန်း၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) ဥက္ကဋ္ဌ ဦးအောာင်ခမ်းထီ၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်မတော် (PSLA)ဥက္ကဋ္ဌ ဦးအိုက်မုန်း၊ ကယားပြည်နယ် အထူးဒေသ-၁ (ကယန်းအဖွဲ-(KNG)ခေါင်းဆောင် ဦးကေဘရယ်ပျံ၊ ကယားပြည်နယ်အထူးဒေသ-၂ (ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ် မြောက်ရေးအဖွဲ့-ကလလတ) ခေါင်းဆောင် ဦးစန္ဒာ၊ DKBA ဆရာတော်ဟု နာမည်တွင်သော မြိုင်ကြီးငူ ဆရာတော် ဦးသုဇန၊ ကရင်တော်လှန်ရေးကောင်စီ ဗဟိုအာဏာပိုင် အဖွဲ့ခေါင်းဆောင် စောဟန်တာသာမွေး၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ တို့လည်း ဝဏ္ဏကျော်ထင်ဘွဲ့များ ရရှိခဲ့ကြသည်။
အဆိုပါ ဘွဲ့များချီးမြှင့်ခြင်းအပေါ် ရခိုင်ဝါရင့်နိုင်ငံရေးသမား မြေပုံမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ၎င်းက “စစ်ကောင်စီက ချီးမြှင့်သော ဘွဲ့တံဆိပ်များကို မက်မောပါက မိမိတို့၏ရပ်တည်ချက် ဦးတည်ချက်များ မှေးမှိန်သွားနိုင်သည်” ဟု ပြောဆိုသည်။
" ဒီလိုနိုင်ငံရေးသမား တော်လှန်ရေးသမားတွေကို ဒီဆုတွေချီးမြှင့်တာက အချိုသတ်ပြီး နောက်ကွယ်မှာ မမြင်ရတဲ့ ကြိုးတစ်ချောင်းကို ဝှက်ထားသလိုပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ အခက်ခဲဖြစ်နေတဲ့ချိန်မှာ သူတို့ဘက်တော်သားဖြစ်အောင်၊ သူတို့ဘက်က ရပ်တည်ပေးအောင် ကြိုးကိုဝှက်ပြီး အချို သတ်လိုက်တာလို့ ထင်တယ်။ အဲဒီဘွဲ့တွေကို နှစ်သက်နေမယ်ဆိုရင် မိမိတို့ရဲ့ ရပ်တည်ချက် ဦးတည်ချက်တွေက မှေးမှိန်သွားလိမ့်မယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၇၅ နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးကို ထူးချွန်ပြောင် မြောက်စွာ တာဝန်ထမ်းထမ်းဆောင်ခဲ့သူများကို နစက ဥက္ကဋ္ဌက ဘွဲ့အသီးသီးနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းခဲ့သည်။
အဆိုပါ ဘွဲ့များချီးမြှင့်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အများအပြား ပါဝင်သည်။
အဆိုပါချီးမြှင့်ခြင်းသည် စစ်ကောင်စီကို ပြည်သူလူထူက အဆိုးမြင်မှုများ ရှိသော်လည်း ယခုကဲ့သို့ ချီးမြှင့်လိုက်ခြင်းဖြင့် တစ်ဖက်မှ ပြည်သူလူထုက သူတို့အပေါ် အကောင်းမြင်မှုများ သက်ရောက်နိုင်ရန် ပြုလုပ်သည်ဟု ယူဆရသည်ဟု ဝံလက်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံက နိရဉ်စရာကိုပြောသည်။
“စစ်ကောင်စီအနေနဲ့ ဒီချီးမြှင့်မှုတွေ လုပ်လိုက်ခြင်းအားဖြင့်သူတို့အတွက်လည်း ဒီပြည်သူလူထုက စစ်ကောင်စီကိုမကောင်းမြင်တာတွေဟာ ဒီလူတွေကို အသိမှတ်ပြုချီးမြှင့်လိုက်တာနဲ့ သူတို့ကိုလည်း ပြည်သူတွေက ပြန်ပြီး အသိမှတ်ပြုခံရအောင်လုပ်တယ်လို့တော့မြင်တယ်"ဟု ပြောသည်။
အဆိုပါ ဘွဲ့ချီးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ကာယကံရှင် ဦးခိုင်စိုးနိုင်အောင် သဘောထားကို သိလိုသဖြင့် ဖုန်းမှ တဆင့် ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှု မရရှိခဲ့သဖြင့် သူ၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။
နစကကောင်စီမှ ချီးမြှင့်ပေးသောဘွဲ့များမှာ အဂ္ဂမဟာသီရီသုဓမ္မဘွဲ့၊ သတိုးသီရီသုဓမ္မဘွဲ့၊ အဂ္ဂမဟာသရေ စည်သူဘွဲ့၊ သတိုးမဝါသရေစည်သူဘွဲ့၊ မဝါသရေစည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ဇေယျကျော်ထင်ဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့စသည့် ဘွဲ့ ၉ ခု ကို အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ