ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တာဝန်ပျက်ကွက်သည်ဟုဆိုကာ ရခိုင်မှ ဆရာ၊ ဆရာမ ၉ဝ ဦးကို တာဝန်မှ ရပ်ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 7k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၁၅/ ၂ဝ၂၁
တာဝန်ချိန်ပျက်ကွက်သည်ဟုဆိုကာ ရခိုင်ပြည်နယ်မှ ဆရာ၊ ဆရာမ ၉ဝ ဦးကို တာဝန်မှ ရပ်ဆိုင်းလိုက််ကြောင်း သတင်းရရှိသည်။
ရပ်ဆိုင်းခံရသည့်ဆရာ၊ ဆရာမများမှာ ယခုနှစ် ကျောင်းအပ်လက်ခံနိုင်ရန်အတွက် ကြိုတင်တာဝန်ထမ်းဆောင်ခဲ့ရသည့် မေလ ၃ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ တာဝန်ထမ်းဆောင်ရန်ပျက်ကွက်ခဲ့သူများဖြစ်သည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။
သို့သော် သူတို့အနေဖြင့် ၆ လအတွင်း အယူခံဝင်နိုင်သည်ဟုလည်း ဦးတင်သိန်းက ဆက်ပြောသည်။
“ဖယ်ရှားခံလိုက်ရတဲ့သူတွေကို လောလောဆယ်မှာ ပြန်ဝင်ဖို့ဘာညာကိစ္စတွေကိုတော့ ဘာတစ်ခုမှ မလုပ်ရသေးဘူး။ ဒီတိုင်းပဲထားလိုက်ရတယ်။ တရားဝင်စာထွက်တယ်။အဲဒီမှာ ခြောက်လအတွင်း အယူခံဝင်နိုင်တယ်လို့တော့ ပါတယ်။ အခုလောလောဆယ်ကတော့ အဲဒီကိစ္စကို မဆောင်ရွက်နိုင်သေးဘူး။” ဟုပြောသည်။
တာဝန်မှရပ်ဆိုင်းခံရသူအချို့ကမူ အယူခံဝင်ရန် ဆန္ဒမရှိတော့ဟု ဆိုကြသည်။
“Transfer က အခု ခေါ်သွားပြီးပြီ။ Transfer ခေါ်သွားပြီဆိုတော့ ကျမတို့ဟာ အယူခံဝင်ရင်လည်း ပြောင်းစာရင်းထဲမှာ မပါတော့ဘူး။ နောက်ထပ် ဆက်ပြီး နေရဦးမယ်အဲဒီနေရာမှာ။ ကျမက လုပ်သက် ၇ နှစ်ရှိပြီ။ ၇ နှစ်တက်ပြီဆိုတော့ သူတို့မူတွေက အမျိုးမျိုးပဲ။ တချို့ ၂ နှစ်နဲ့ ပြောင်းတာရှိတယ်။ မြေပုံဘက်တွေကဆိုရင် ၂ နှစ်နဲ့ ပြောင်းသွားတာတွေရှိတယ်။ ကျမတို့တွေကျတော့ နှစ်တိုင်းလျှောက်တာပဲ။ ဒါပေမဲ့ တစ်နှစ်မှ မပါဘူး။ ဆိုတော့ သူတို့ ပြောတာက လုပ်သက် ၁ဝ ကျော်မှ အပြောင်းအရွှေ့စဉ်းစားမယ်တဲ့။ တစ်နှစ်နဲ့ တစ်နှစ်နဲ့ မူတော့ မတူဘူး။ ဒါကြောင့် အယူခံမဝင်တော့ဘူး။ ဝင်ရင်လည်း အပြောင်းစာရင်းထဲမှာ မပါတော့ဘူး။ ပြောင်းရင်လည်း မပါတော့ စိတ်ပျက်သွားပြီ။”ဟု ပေါက်တောမြို့နယ် ငွေတွင်းဒွေ အထက(ခွဲ)မှ အလယ်တန်းပြဆရာ ဒေါ်သဇင်နွယ်က နိရဥ္စရာကိုပြောသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးတွင် မေလ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာခြင်းမရှိသည့် ဆရာ၊ ဆရာမ ၁၇၁ ဦးရှိခဲ့ပြီး ယင်းအထဲမှ မေလ ၁၄ ရက်နေ့အထိ ပျက်ကွက်ရသည့်အကြောင်းအရင်းနှင့် ဝန်ခံလက်မှတ်များတင်ပြလာသည့် ဆရာ၊ ဆရာမ ၈၁ ဦးကိုမူ လက်ခံကာ ပြန်လည်တာဝန်ထမ်းဆောင်စေခဲ့သည်။
တာဝန်မှ ယာယီရပ်နားခံခဲ့ရပြီးနောက် ပြန်လည်တာဝန်ထမ်းဆောင်နေသည့် ပေါက်တောမြို့နယ် ဖဒူအထကကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ခင်အေးဇံကမူ “ကျွန်မတို့က ဘာအပြစ်မှ လုပ်မထားမိပါဘူး။ ကျောင်းကို သွားလာဖို့ခက်ခဲတဲ့လူတွေက မရောက်နိုင်တာပေါ့။ တချို့ကလည်း ကလေးအမေတွေပါတယ်လေ။ ကလေးတွေကလည်း ကျောင်းတက်ရောက်သေးတာမဟုတ်တော့ အဲဒီရက်တွေက ကျောင်းကို မရောက်ဖြစ်လိုက်ကြတာလည်း ဖြစ်နိုင်တယ်မဟုတ်ပါလားရှင်။ ရပ်နားခံလိုက်ရတဲ့သူတွေကို ပြန်ပြီး စဉ်းစားပေးစေချင်တယ်။” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ အခြေခံပညာ(ထက်/ လယ်/မူ) ၃,၃ဝ၉ ကျောင်းရှိပြီး ပညာရေးဝန်ထမ်း ၂၉,ဝဝဝ ခန့်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ