ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

နိုင်ငံတကာအဆင့်မီဗုဒ္ဓတက္ကသိုလ် စစ်တွေ၌တည်ဆောက်ရန်စီစဉ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.1k

နောင်ခိုင်အောင်
နိရဥ္စရာ၊ စက်တင်ဘာ ၂၁/ ၂၀၂၁
ရခိုင်ပြည်နယ်တွင် ပထမဆုံးဖြစ်ပေါ်လာမည့် နိုင်ငံတကာအဆင့်မီ ရက္ခပူရဗုဒ္ဓတက္ကသိုလ်ကို စစ်တွေ၌တည်ဆောက်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။
အဆိုပါတက္ကသိုလ်ကို စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၊ စုပေါင်းရုံးရှေ့ရှိ မြေကွက်ပေါ်တွင် မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒကဦးဆောင်ကာ လာမည့်ပွင့်လင်းရာသီတွင်တည်ဆောက်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
မြောက်ဦးဆရာတော် ဓမ္မဝန်ဆောင်အဖွဲ့မှ ကိုတင်ငြိမ်းဦးက “နိုင်ငံတကာမှာရှိတဲ့ ယိုးဒယားတို့ သီရိလင်္ကာတို့မှာ ရခိုင်ဆရာတော်တွေရှိပါတယ်။ ကထိက၊ ပါမောက္ခတို့လုပ်နေတာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ဆရာတော် သံဃာတွေရှိပါတယ်။ အဲဒီဆရာတော်တွေကို အားပြုပြီးတော့ မြောက်ဦးဆရာတော်က ဦးဆောင်မှုနဲ့အတူ ဒီရခိုင်ပြည်မှာ ပထမဆုံး ဗုဒ္ဓတက္ကသိုလ်တစ်ခုပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်”ဟု ပြောသည်။
ဆောက်လုပ်ရန်စီစဉ်ထားသည့်တက္ကသိုလ်ပုံစံနှင့် အထပ်အရေအတွက်၊ အခန်းအရေအတွက်တို့အသေးစိတ်ကို မပြောနိုင်သေးသော်လည်း နိုင်ငံတကာအဆင့်မီဗုဒ္ဓတက္ကသိုလ်တစ်ခုဖြစ်မြောက်အောင် တည်ဆောက်သွားမည်ဟုလည်း ဦးတင်ငြိမ်းဦးက ပြောသည်။
ရခိုင်ပြည်နယ်ရှိ စာသင်သားသံဃာတော်များအနေဖြင့် ရခိုင်တွင် ဗုဒ္ဓသင်ရိုးညွှန်တန်းဖြင့်သာသင်ကြားသည့် စာသင်တိုက်များသာရှိသည့်အတွက် နိုင်ငံတကာနှင့်ဆိုင်သည့် သာသနာ့တက္ကသိုလ်များတက်ချင်ပါက ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့သွားရောက်၍ အခက်အခဲများစွာဖြင့် ပညာသင်ကြားနေရကြောင်း သိရသည်။
စစ်တွေမြို့တွင် ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ ဗုဒ္ဓတက္ကသိုလ်တစ်ခုပေါ်ထွက်လာမည်ဆိုပါက အလွန်တရာဝမ်းမြောက်စရာဖြစ်ကြောင်း စစ်တွေမြို့ရှိ ဓမ္မာစရိယတက္ကသိုလ်မှ စာချဆရာတော် အရှင်သာသနာလင်္ကာရက နိရဥ္စရာကို မိန့်ကြားသည်။
“အခုလို စွမ်းတဲ့ ပုဂ္ဂိုလ်တွေလုပ်လာကြတာမြင်တော့ ဦးဇင်းတို့မသင်ခဲ့ရပေမဲ့ ဦးဇင်းတို့နောက်မှာ ပေါ်ပေါက်လာမဲ့ ညီတော်တွေအတွက် အများကြီးအခွင့်အလမ်းတွေရှိတယ်။ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်ကြလိမ့်မယ်။ ဒါကြောင့်မလို့ ရခိုင်သားတစ်ယောက်အနေနဲ့ရော ရခိုင်ပြည်နယ်မှာ တက္ကသိုလ်တစ်ခု ပေါ်ပေါက်လာမဲ့အနေနဲ့ရော ဦးဇင်းတို့ အများကြီး ဝမ်းသာပီတိဖြစ်ရတယ်။ အများကြီးလည်း သာသနာကိုရော၊ လောကကိုရော အကျိုးကျေးဇူးပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု မိန့်ကြားသည်။
အဆိုပါတက္ကသိုလ်ကို စေတနာရှင်များ၏လှူဒါန်းငွေများဖြင့်တည်ဆောက်သွားမည်ဟုလည်း သိရသည်။
တက္ကသိုလ်တည်ဆောက်မည့်မြေနေရာနှင့် တက္ကသိုလ်အနီးတွင်ထားရှိမည့် မြောက်ဦးဓမ္မစင်တာတစ်ခုဆောက်လုပ်ရန်အတွက် လိုအပ်သည့်မြေဧက ၂ ဒသမ ၇၇၃ ဧကကို ရခိုင်ပြည်နယ်အစိုးရက ယမန်နေ့ စက်တင်ဘာလ ၂ဝ ရက်တွင် ဆရာတော်အား လှူဒါန်းထားပြီဟုလည်း သိရသည်။

ဆက်စပ် သတင်းများ