သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် နိုဝင်ဘာလအတွင်း အခြေခံပညာကျောင်းများပြန်ဖွင့်နိုင်ရန် ကြိုတင်ပြင်ဆင်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6k

မြထွီးသျှင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၂/ ၂၀၂၁
ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလအတွင်း အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီဟု သတင်းရရှိသည်။
လက်ရှိတွင် စာသင်ကျောင်းများပြန်ဖွင့်ခွင့်ရသည်နှင့် အဆင်သင့်ဖြစ်နေစေရန် ရခိုင်ရှိ အခြေခံပညာစာသင်ကျောင်းများကို ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန် ညွှန်ကြားထားသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ)ဒေါက်တာထွန်းထွန်းသိန်းက နိရဥ္စရာကိုပြောသည်။
“ကျောင်းတွေမှာ ကိုဗစ်စည်းကမ်းနဲ့အညီ နေထိုင်နိုင်ဖို့၊ နောက်ကျောင်းတွေမှာ အမှိုက်သန့်ရှင်းရေးနဲ့ ရေစနစ်တွေဘာတွေ ကောင်းမွန်ဖို့ပေါ့နော်။ အဲလိုတွေကြိုတင်လုပ်ခိုင်းထားတာတွေ ရှိတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း ၃,၃၀၉ ကျောင်းရှိကြောင်းလည်း သိရသည်။
ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါဖြစ်ပွားမှုပြင်းထန်လာခဲ့သည့်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းများကို ဇူလိုင်လ ၉ ရက်မှစတင်ကာ အောက်တိုဘာ ၂၄ ရက်အထိ ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်။
လက်ရှိရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှုနှုန်း ၅ ရာခိုင်နှုန်းအောက် လျော့နည်းလာနေပြီဖြစ်ပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်သည့်အနေအထားသို့ရောက်ရှိနေပြီဟုလည်း ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက အောက်တိုဘာလ ၈ ရက်၊ ညနေ ၃ နာရီခွဲခန့်က စစ်တွေရှိ သတင်းထောက်များကိုပြောဆိုထားသည်။
“ကူးစက်မှုနှုန်းအခြေအနေက အခု ပြည်ထောင်စုအဆင့်မှာဆို ၇၊ ၈ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျနော်တို့ ရခိုင်ပြည်မှာက ၅ ရာခိုင်နှုန်းအောက်ရောက်နေပါပြီ။ ဖွင့်မယ်ဆိုရင် အကုန်လုံးဖွင့်လို့ရအောင် အဆင်သင့်လုပ်ထားပြီးသား ရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အသက် ၁၂ နှစ်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသူ၊ ကျောင်းသား ၁ သန်းခန့်ကို Sinovac အမျိုးအစားကိုဗစ်ကာကွယ်ဆေးများအား အောက်တိုဘာလ ၁၆ ရက်တွင် စတင်ထိုးနှံတော့မည်ဟု နစကကောင်စီက ထုတ်ပြန်ထားသည်။
ရခိုင်မှ ကျောင်းသူ၊ ကျောင်းသား ၂ သိန်းခန့်လည်း ကာကွယ်ဆေးထိုးခွင့်ရရှိမည်ဖြစ်ပြီး လောလောဆယ်တွင် ၎င်းတို့အတွက် ကာကွယ်ဆေးများ ရခိုင်သို့ရောက်ရှိလာခြင်းမရှိသေးဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“၁၆ ရက်နေ့ထိုးမှာဆိုတော့ အဲနေ့မတိုင်ခင် တစ်ရက်ရက်တော့ ရောက်မယ်လို့ပြောထားပါတယ်” ဟု ပြောသည်။
ကျောင်းသူ၊ ကျောင်းသားများကိုထိုးပေးမည့် Sinovac အမျိုးအစားကိုဗစ်ကာကွယ်ဆေးသည် အသက် ၁၂ နှစ်အထက်ရှိသူများကိုထိုး၍ရသည်ဟု ကမ႓ာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားသည်ဟုလည်း သိရသည်။
စစ်တွေမှ အထက်တန်းကျောင်းသားတစ်ဦး၏မိခင် ဒေါ်သီတာဝင်းက “ဒီလိုဆေးထိုးရမှာက ကောင်းပါတယ်။ ထိုးစေချင်ပါတယ်။ ကျောင်းဖွင့်မဲ့ရက်ကလည်း နီးလာပြီဆိုတော့ ဒီလိုဆေးထိုးထားရင် ကလေးတွေအတွက် အကာအကွယ်ဖြစ်စေတယ်ပေါ့နော်။ ဆေးထိုးထားတဲ့အတွက်လည်း ရောဂါဖြစ်လာရင် ကြီးကြီးမားမားခံရမှာမဟုတ်ဘူးပေါ့နော်”ဟုပြောသည်။
အဆိုပါကျောင်းသူ၊ ကျောင်းသားများကို ပထမအကြိမ်ဆေးထိုးရက်အဖြစ် အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိလည်းကောင်း၊ ဒုတိယအကြိမ်ဆေးထိုးရက်အဖြစ် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁ဝ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးများကို အခြေခံပညာကျောင်းသားများအပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများနှင့် ကိုယ်ပိုင်အထက်ကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများကိုလည်း ထိုးပေးသွားမည်ဟုလည်း သိရသည်။
ကျောင်းသူ၊ ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးများထိုးနှံပြီးပါက နိုဝင်ဘာလအတွင်း အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု နစကကောင်စီက ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ