ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

နေ့စားလပေးဆရာ၊ ဆရာမများ လစာမရသည်မှာ ၃ လကျော်ပြီဖြစ်၍ စားဝတ်နေရေး အခက်ကြုံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.1k

နောင်ခိုင်အောင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၃/ ၂၀၂၁
ရခိုင်ပြည်နယ်အတွင်းမှ နေ့စားလပေးစနစ်ဖြင့် ပညာသင်ကြားပေးနေသည့် တိုင်းရင်းသားဘာသာပြ ဆရာ၊ ဆရာမများအနေဖြင့် လစာမရသည်မှာ ၃ လကျော်ခန့်ရှိနေပြီဖြစ်သောကြောင့် စားဝတ်နေရေးအခက်အခဲနှင့် ကြုံနေရသည်ဟု ကာယကံရှင်များက ပြောသည်။
သံတွဲမြို့မှ နေ့စားလပေး ဆရာတစ်ဦးဖြစ်သူ ဦးအေးမင်းထွန်းက “ကျွန်တော်တို့က နိုင်ငံတော်က တရားဝင်ခန့်ထားတာပါ။ အခုက ကိုဗစ်ကြောင့် ပိတ်ထားတာဆိုတော့ ကျနော်တို့လည်း လစာရသင့်ပါတယ်။ ကျနော်တို့လည်း ပညာရေးဝန်ထမ်းပါ။ တခြားဝန်ထမ်းတွေနဲ့အတူတူ လစာကို ရချင်ပါတယ်” ဟုပြောသည်။
Teaching Assistant (TA)ဟုခေါ်သည့် တိုင်းရင်းသားဘာသာပြဆရာ/ဆရာမများကို ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက တစ်ကြိမ်၊ ၂ဝ၂၁ ခုနှစ်၊ ဇွန်လက တစ်ကြိမ် နေ့စားလပေးအဖြစ် ခေါ်ယူခဲ့ပြီး တစ်နေ့လျှင် ငွေ ၄,၈၀၀ ကျပ်ဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူတို့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကိုဗစ်ကြောင့် ကျောင်းပိတ်ထားချိန်မှစ၍ လစာမရရှိကြသဖြင့် စားဝတ်နေရေး အခက်အခဲကြုံနေရခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာမှ နေ့စားလပေး ဆရာမတစ်ဦးက ၎င်းတို့သည် ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းပိတ်ထားရသည့်အတွက် တာဝန်ပျက်ကွက်ခြင်းမဟုတ်၍ အစိုးရအနေဖြင့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်မှအပ ကျန်ရက်များကို တွက်ချက်ပြီး လစာထုတ်ပေးသင့်သည်ဟု ပြောသည်။
“ကျမတို့က လစာမရတဲ့အတွက် တော်တော်လေးအခက်အခဲဖြစ်နေကြပါတယ်။ အဲဒီလစာတစ်ခုတည်းကိုပဲ အားကိုနေရတာပါ။ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှအပ ကျန်တဲ့ရက်တွေကို ကို လစာပေးစေချင်ပါတယ်” ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာ ထွန်းထွန်းသိန်းက “TA ကျောင်းဆရာတွေဆိုတာက နေ့စားလပေးဖြစ်တယ်။ ကျောင်းဖွင့်ရင်ရမယ်။ ကျောင်းမဖွင့်ရင်မဘူး။ ကျောင်းဖွင့်ရင်တော့ ပေးမှာပါ” ဟု ပြောသည်။
ရခိုင်တွင် နေ့စားလပေး တိုင်းရင်းသားဘာသာပြ ဆရာ၊ ဆရာမဦးရေ ၂,၃၈၆ ဦးရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဆက်စပ် သတင်းများ