ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၃ဝ ရက်အထိ လျှောက်ထားနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.1k

အေးမြတ်ခိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၂/၂၀၂၁
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ခွင့်လျှောက်လွှာများကို နိုဝင်ဘာ ၁၅ ရက်မှစ၍ ဒီဇင်ဘာလ ၃ဝ ရက်အထိ လျှောက်ထားနိုင်ပြီဟု ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာတွင် ဘာသာတွဲအမှတ်စဉ် ၁/၅/၆/၇/၈ များဖြင့်ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် ၂/၃/၄ များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်တင်သွင်းရန် အရောင် ၂ မျိုး ခွဲခြားသတ်မှတ်ထားကြောင်း နိုဝင်ဘာ ၁ဝ ရက်က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်ရှိပညာရေးအခြေအနေမှာ ခန့်မှန်းမရသည့်အခြေအနေဖြစ်၍ သားသမီးအတွက် မျှော်လင့်ချက်များဝေဝါးနေရကြောင်း တောင်ကုတ်မြို့မှ ၁၀ တန်းကျောင်းသားမိခင် ဒေါ်အေးအေးမော်က နိရဥ္စရာကိုပြောသည်။
"အရည်ချင်းရှိရှိနဲ့ ပုံမှန်အတိုင်းပဲ စာအုပ်တစ်အုပ်လုံးသင်ပြီး အောင်မြင်တာမျိုးတာမျိုးပဲဖြစ်စေချင်တာပေါ့လေ။ အခုကတော့ ရည်ရွယ်ချက်တွေပျောက်ဆုံးနေသလိုဖြစ်နေတာပေါ့လေ။ တက်သာတက်ရတယ် ကျောင်းသားကိုယ်တိုင်ကလည်း စိတ်ဝင်စားမှုမရှိ။ ကျောင်းသားမိဘအနေနဲ့ကလည်း အရမ်းကြီး အားတက်သရောမရှိတဲ့အခြေနေဖြစ်နေပါတယ်"ဟု ပြောသည်။
ကျောက်တော်မြို့နယ် မဟာမုနိကယ်ဆယ်ရေးစခန်းမှ ၁၀ တန်းကျောင်းသားမောင်မင်းသန်းက အချိန်တိုအတွင်းစာသင်ကြားဖြေဆိုရသည့်အတွက် အခက်ခဲများရှိသည်ဟု ပြောသည်။
"ဒီကယ်ဆယ်ရေးမှာတော့ ဆရာ၊ ဆရာမတွေခေါ်ပြီး ပြပေးတယ်။ ဒါပေမယ့် ကျောင်းကဖွင့်လိုက်၊ ပိတ်လိုက်နဲ့ မေ့တာမေ့နေပြီ။ အခုက စာလျှော့ထားတယ်ဆိုပေမယ့် သင်ရမယ့်အချိန်ကမလောက်ဘူး။ နှစ်ကျတွေအတွက်ကတော့ အဆင်ပြေသေးတယ်"ဟု ပြောသည်။
လက်ရှိတွင် ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် တစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာလ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။
ပညာသင်ကာလနှင့် ကိုက်ညီသည့်သင်ရိုးညွှန်တမ်းကို အသစ်ရေးဆွဲသင်ကြားပေးနေခြင်းဖြစ်ပြီး ၂ဝ၂၂ ခုနှစ် မတ်လအတွင်း စာမေးပွဲများဖြေဆိုကြရမည်ဟု သိရသည်။
သို့သော် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့်အချိန်ကိုမူ ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

ဆက်စပ် သတင်းများ