ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကိုဗစ်ပိုးတွေ့သူအရေအတွက်ကျဆင်းနေသော ဂွမြို့နယ်ကအခြေခံပညာသင်ကျောင်းများ ဒီဇင်ဘာလတွင် ပြန်ဖွင့်နိုင်ရေးမျှော်လင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.2k

သဥ္ဇာနွယ်

နိရဥ္စရာ ၊ နိုဝင်ဘာ ၂ / ၂၀၂၁

ကိုဗစ်ပိုးတွေ့ရှိသူ အရေအတွက် တစ်နေ့ထက် တစ်နေ့ ကျဆင်းလာနေသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အခြေခံပညာကျောင်းများကို ဒီဇင်ဘာလတွင် ပြန်လည် ဖွင့်လှစ်ခွင့်ရရှိရေး အတွက် မျှော်လင့်နေသည်ဟု ဂွမြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင်က နိရဥ္စရာကိုပြောသည်။

ကျန်းမာရေးသတ်မှတ်ချက်အရ ကျန်ခဲ့တဲ့ကာလ ၂၈ ရက်အတွင်း ကိုဗစ်ကူးစက်နူန်း ကိုသုံးသပ်တယ်။ ၅ ရာခိုင်နူန်းအောက်ရောက်ရင် ဖွင့်မယ်။ မရောက်ရင် မဖွင့်ဘူး အရင်ကတည်းက သိထားပါတယ်။ ဒါပေမယ့် ကလေးတွေပညာရေးအတွက်လာမယ့် ဒီဇင်ဘာလလောက်မှာဆိုရင်တော့ ဖွင့်နိုင်ရင် ကောင်းမယ်ဆိုပြီး မျှော်လင့်နေပါတယ်ဟု ပြောသည်။

ဂွမြို့နယ်တွင် လွန်ခဲ့သည့် နိုဝင်ဘာ ၁၉ ရက်မှ ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့အထိ (၅) ရက် ကာလအတွင်း နိုဝင်ဘာ ၂၂ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသူ တစ်ဦးသာ ရှိခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဦးတစ်ယောက်မှ မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ ထုတ်ပြန်သည့် ကိုဗစ်စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် ကျန်မြို့နယ်များတွင် အခြေခံပညာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကိုဗစ်ဖြစ်ပွားမှုများခဲ့သည့် ဂွမြို့နယ် တစ်ခုတည်းသာ မဖွင့်နိုင်ဘဲ ကျန်ခဲ့သည်ဟု သိရသည်။

ဂွမြို့နယ်၊မကျည်းငူကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးသန်းဖေ ကျောင်းအမြန်ဖွင့်ရင်တော့ ပိုကောင်း တာပေါ့။သားသမီးတွေကို ကျောင်းဖွင့်ရင် စာမနောက်ကျရအောင် ကျူရှင်တော့ ထားထားပါတယ်။ ဆယ်တန်းဆိုတော့ စာမေးပွဲဖြေရင် စာတွေကိုရနေဖို့လိုတယ်ဟုပြောသည်။

ဂွမြို့နယ်သည် ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုအများဆုံး မြို့နယ်တစ်ခု ဖြစ်သဖြင့် ံနက် ၅နာရီမှ မွန်းတည့်၁၂နာရီအထိသာ အပြင်ထွက်ကြရန် သြဂုတ် ၂၅ရက်မှစတင်ကာ ဒေသန္တရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။စက်တင်ဘာ ၂၉ရက်တွင ဒေသန္တရ အမိန့်ကို နံနက် ၄နာရီမှ ညနေ ၂နာရီအထိသာ အပြင် ထွက်ကြရန် အချိန်လျော့ပေါ့၍ ထုတ်ပြန်ပေးခဲ့သည်။

ဂွမြို့နယ်တွင် လက်ရှိ နိုဝင်ဘာ ၂၃ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၁၁၃ ဦး၊ သေဆုံးသူ ၃ဦးထိရှိနေပြီး လက်ရှိ ဆေးရုံတွင်ကုသနေရသည့် ကိုဗစ်လူနာ ၃ ဦးသာရှိည်ဟုသိရသည်။

ဆက်စပ် သတင်းများ