သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူလျော့ကျသော်လည်း စာစစ်ဌာနများ တိုးမြှင့်စစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.7k

သဥ္ဇာနွယ်
နိရ ဉ္စရာ၊ မတ် ၈ / ၂ဝ၂၂
ရခိုင်ပြည်နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူလျော့ကျသွားသော်လည်း စာစစ်ဌာနများကို တိုးမြှင့်စစ်ဆေးသွားမည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့သူ ၄၉,၁၈၃ ဦးအထိရှိခဲ့သော်လည်း ယခုနှစ်တွင် ၄၅,၅၉၂ ဦးထိရှိကာ ၃,၅၀၀ ကျော်အထိလျော့ကျသွားခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က “ဒီနှစ်မှာ ဝင်ခွင့်ဖြေဆိုခွင့် လျော့သွားတာက ပြင်ပကဖြေဆိုမယ့်ကျောင်းသားတွေ ဝင်ခွင့်လျှောက်တာလျော့သွားလို့ ဆရာ့အနေနဲ့ အဲ့လိုထင်ပါတယ်”ဟု နိရဥ္စရာကိုပြောသည်။
ကောင်းမြတ်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးသိန်းဝင်းကလည်း ပြင်ပကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခွင့်လျှောက်ထားမှုလျော့နည်းသွားခြင်းမှာ မိသားစုအကျပ်အတည်းကြောင့် လုပ်ငန်းခွင်သို့ရောက်ရှိခြင်းကြောင်းဖြစ်သည်ဟု ပြောသည်။
“ကလေးတွေ ဖြေဆိုခွင့်လျှောက်တာလျော့သွားတာက ပညာရေးက တသမတ်တည်းသွားနေတာမဟုတ်ဘူးဆိုတော့ လုပ်ငန်းခွင်ရောက်တာတွေ၊ မိသားစု စားဝတ်နေရေးအတွက် ပြည်တွင်း ပြည်ပလုပ်ငန်းခွင်တွေကိုရောက်သွားတာလည်း ပါတယ်”ဟု ပြောသည်။
ယခုကဲ့သို့ ပြင်ပမှဝင်ရောက်ဖြေဆိုမည့်ဦးရေလျော့နည်းသွားသော်လည်း ယခုနှစ်တွင် စာစစ်ဌာန ၂ ခုကို တိုးမြှင့်စစ်ဆေးသွားမည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက ပြောသည်။
တိုးမြှင့်စစ်ဆေးသွားမည့် စာစစ်ဌာန ၂ ခုနှစ်မှာ မောင်တောမြို့နယ် တောင်ပြိုစာစစ်ဌာနနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်စာစစ်ဌာနတို့ဖြစ်သည်ဟု ဆိုသည်။
အဆိုပါဒေသများရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကျောင်းသူ၊ ကျောင်းသားများမှာ သွားလာရခက်ခဲသည့်အတွက် ယခုကဲ့သို့ တိုးမြှင့်ပေးရခြင်းဖြစ်သည်ဟုလည်း ဒေါက်တာထွန်းထွန်းသိန်းက ပြောသည်။
ရခိုင်တွင် ၂၀၂ဝ ပြည့်နှစ်က စာစစ်ဌာန ၁၂၆ ခုရှိခဲ့ပြီး ယခုနှစ်တွင် ၂ ခုတိုးမြှင့်မည်ဖြစ်သည့်အတွက် ၁၂၈ ခုအထိရှိသွားမည်ဖြစ်သည်။
ရခိုင်တွင် ၂ဝ၂ဝ ပြည့်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ ၂၇ ဒဿမ ၂၇ ရာနှုန်းရှိခဲ့ပြီး ၂ဝ၁၅ မှ ၂ဝ၂ဝ အထိ ၅ နှစ်အတွင်း အောင်ချက်အမြင့်ဆုံးဖြစ်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ