ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဆေးတက္ကသိုလ်များဝင်ခွင့်ကို နစကလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက ဖြေလျှော့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 2.3k


အေးမြတ်ခိုင်
နိရဥ္စရာ၊ မတ် ၁၉/၂၀၂၂
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်မည့်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များဝင်ခွင့်များကိုု နစကကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက ဖြေလျှော့ခေါ်ယူလိုက်သည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာရမှတ်များထဲမှ အင်္ဂလိပ်စာ၊ ဓာတုဗေဒနှင့် ရူပဗေဒ (၃)ဘာသာ စုစုပေါင်းရမှတ် အနည်းအများအပေါ်မူတည်၍ လူတွေ့စစ်ဆေးခြင်းစာမေးပွဲဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ရွေးချယ်ခံရသူများသည် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များကို တက်ရောက်ခွင့်ရရှိမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၁၇ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပိုမိုထိရောက်သောကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကို ပေးစွမ်းနိုင်ရေးအတွက် စေတနာ၊ မေတ္တာ၊ ကရုဏာ၊ ဝါသနာနှင့် ပြည့်စုံသည့်ဆရာဝန်များ၊ သွားဘက်ဆိုင်ရာ ဆရာဝန်များကိုလေ့ကျင့်မွေးထုတ်နိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ဖြေလျှော့လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သို့သော် ရမှတ်သတ်မှတ်ချက်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်ပတ်သက်၍ မည်သို့ရွေးချယ်သွားမည်ကို အတိအကျဖော်ပြထားခြင်းမရှိပေ။
ယခုကဲ့သို့ ဖြေလျှော့လိုက်မှုနှင့်ပတ်သက်ပြီး စစ်တွေမြို့မှ ၁ဝ တန်းကျောင်းသူ မဖြူနုသွေးက “ကျောင်းသားတွေအတွက် အခွင့်အရေးကောင်းတစ်ခုလို့ပဲ ပြောရမှာပေါ့။ ဒါပေမယ့် တရားမျှတမှုရှိရှိဖြစ်အောင်တော့ ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်”ဟု နိရဥ္စရာကို ပြောသည်။
ဆေးတက္ကသိုလ်ဝင်ခွင့်များကို ယခင်က ၆ ဘာသာရမှတ်ပေါင်းပြီး အမှတ် ၅ဝဝ နှင့်အထက်ရရှိသူများကိုသာ တက်ရောက်ခွင့်ပြုခဲ့သည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ကျင်းပသွားမည်ဟု သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများသည် တစ်နိုင်ငံလုံးတွင် သုံးသိန်းကျော်ရှိပြီး ယင်းအနက် ရခိုင်တွင် ကျောင်းသားဦးရေ ၄,၅ဝဝ ကျော်ဝင်ရောက်ဖြေဆိုမည်ဟု သိရသည်။
ဓာတ်ပုံ - အင်တာနက်

ဆက်စပ် သတင်းများ