သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အစိုးရနှင့် စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြ၍ ထောင်ကျခဲ့မှုသည် ကျောင်းစည်းကမ်းကို ဖောက်ဖျက်ကျူးလွန်သည်ဟုဆိုကာ တက္ကသိုလ်ကျောင်းသား ကိုကျော်နိုင်ဌေး ပြင်းထန်စွာသတိပေးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9k


မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၂၈/ ၂၀၂၂
အစိုးရနှင့် စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြ၍ ထောင်ကျခဲ့မှုသည် ကျောင်းစည်းကမ်းကို ဖောက်ဖျက်ကျူးလွန်သည်ဟုဆိုကာ စစ်တွေတက္ကသိုလ်ကျောင်းသား ကိုကျော်နိုင်ဌေးသည် ပါချုပ်၏ ပြင်းထန်စွာသတိပေးခြင်းကိုခံလိုက်ရကြောင်း သိရသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံလည်းဖြစ်၊ စစ်တွေတက္ကသိုလ်တွင် ဥပဒေပညာအထူးပြုဘာသာရပ် စတုတ္တနှစ်ကျောင်းသားတစ်ဦးလည်းဖြစ်သည့် ကျော်နိုင်ဌေးသည် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အပိုင်း(ဃ)၊ ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများ အမှတ်စဉ်(၂)အား ကျူးလွန်သည်ကို စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ ပြင်းထန်စွာသတိပေးလိုက်သည့်အကြောင်း စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်လက်မှတ်ရေးထိုးကာ မတ်လ ၂၅ ရက်က ထုတ်ပြန်ထားသည့် သတိပေးစာတွင် ရေးသားဖော်ပြထားသည်။
နောက်နောင်တွင်လည်း ပြစ်မှုတစ်ခုခုကျူးလွန်ပါက သင်တန်းမှ ရပ်စဲသည်အထိအရေးယူမည်ဟုလည်း ဆိုထားသည်။
ယခုကဲ့သို့သတိပေးခံလိုက်ရခြင်းအပေါ် ရှုံ့ချကန့်ကွက်ကာ လက်ခံနိုင်စရာအကြောင်းလည်း မရှိဟု ကိုကျော်နိုင်ဌေးက ပြောသည်။
“မဆိုင်ဘူးလို့ထင်တယ်။ ကျောင်းထဲမှာဖြစ်တဲ့အမှုမဟုတ်ဘူး။ အပြင်မှာဖြစ်တဲ့အမှုဖြစ်တဲ့အတွက် အဲဒါဟာ မဆိုင်ဘူး။ နောက်ပြီးတော့ အစ်ကိုက သူတို့ရဲ့ တည်ဆဲဥပဒေကို လွန်ဆန်၊ ရှောင်လွှဲတာလည်း မဟုတ်ဘူး။ တရားစီရင်ရေးမှာ ပြစ်ဒဏ်ကို ခံယူပြီးပြီဖြစ်တဲ့အတွက် ဒါဟာ ကျောင်းနဲ့မဆိုင်ဘူး” ဟုပြောသည်။
စစ်တွေတက္ကသိုလ်သင်တန်းရေးရာဌာနမှူးဦးကျော်နိုင်ဦးက ကိုကျော်နိုင်ဌေးအားသတိပေးရခြင်းမှာ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်ပါသည့် ပြစ်ဒဏ်တစ်ခုခုနှင့်အရေးယူခံရပါက ယင်းကျောင်းသားကို ကျောင်းမှ ထုတ်ပယ်နိုင်ခြင်း(သို့) ပြင်းထန်စွာသတိပေးနိုင်ခြင်းပါလက်စွဲအရ ဆုံးဖြတ်သတိပေးခဲ့ရခြင်းဖြစ်ကြောင်း နိရဥ္စရာသို့ပြောသည်။
ယခုကဲ့သို့ သတိပေးခံရမှုကြောင့် ကိုကျော်နိုင်ဌေးသည် မတ်လ ၃၁ ရက်တွင်ကျင်းပမည့် တက္ကသိုလ်စာမေးပွဲကို ဖြေ၊ မဖြေကိုလည်း စဉ်းစားနေရဆဲဖြစ်သည်ဟု ပြောသည်။
ကိုကျော်နိုင်ဌေးသည် အခြားရခိုင်တက္ကသိုလ်ကျောင်းသား ၃ ဦးနှင့်အတူ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် အစိုုးရနှင့်စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၁ နှစ်နှင့် ၆ လကျခံခဲ့ရကာ ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင် စစ်တွေအကျဉ်းထောင်မှ ချုပ်ရက်စေ့့၍ ပြန်လွတ်မြောက်လာခဲ့သူဖြစ်သည်။
ယင်းနောက် ကိုကျော်နိုင်ဌေးတစ်ဦးတည်းသည် ယခုကဲ့သို့ သတိပေးခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ