အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် မသန်စွမ်းသူ ၆ ဦးနှင့် ဆေးရုံ၌ဖြေမည့်သူ ၁ ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.8k


မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၃၀/၂၀၂၂
ရခိုင်တစ်ပြည်နယ်လုံးတွင် တက္ကသိုုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် မသန်စွမ်းသူ ၆ ဦးနှင့် ဆေးရုံ၌ဖြေဆိုမည့်သူ ၁ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည််။
၄င်းတို့ ၆ ဦးမှာ စစ်တွေအထက(၄)စာစစ်ဌာနမှ ၁ ဦး၊ စစ်တွေမောလိပ်အထက(ခွဲ)စာစစ်ဌာနမှ (၁)ဦးနှင့် မြောက်ဦးမြို့နယ်ရှိ စာစစ်ဌာနတို့မှ ၄ ဦးတို့ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပို့ထားသည့်စာရင်းတွင်ပါရှိသည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရဥ္စရာသို့ ပြောသည်။
“သူတို့အတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သတ်မှတ်ချက်တွေရှိတယ်လေ။ အဲကလမ်းညွှန်ထားတဲ့အတိုင်း သီးသန့်ဖြေဆိုဖို့သတ်မှတ်တာတွေ၊ အချိန်ပိုပေးမဲ့ဟာတွေ သတ်မှတ်ချက်တွေရှိတယ်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ စာမေးပွဲဆိုင်ရာလမ်းညွှန်ချက်အတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်တယ်”ဟုပြောသည်။
ရခိုင်ရှိ ဆေးရုံများ၌ စာမေးပွဲဖြေဆိုမည့်ကျောင်းသား ၁ ဦးတည်းသာရှိပြီး ၄င်းမှာ အူတက်ရောင်ရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် မင်းပြားမြို့နယ်မှ ကျောင်းသားဖြစ်သည်။
သူ့ကိုလည်း စစ်တွေဆေးရုံကြီးတွင် စာမေးပွဲဖြေဆိုနိုင်ရန်် မြို့နယ်ပညာရေးမှူးရုံးက ကြီးကြပ် ဆောင်ရွက်နေသည်ဟု သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုရာတွင် ရခိုင်ရှိအကျဉ်းထောင်များမှ ဖြေဆိုမည့်စာရင်းမှာ လက်ရှိအချိန်အထိ အကျဉ်းဦးစီးဌာနက တင်ပြလာခြင်းမရှိ၍ အကျဉ်းထောင်များမှ ဖြေဆိုမည့်သူမရှိနိုင်ဟု မှတ်ချက်ပြုထင်မိသည်ဟုလည်း ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။
ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်မှ ကျောင်းသား၊ ကျောင်းသူ ၄၅,၅၉၂ ဦး ဝင်ရောက်ဖြေဆိုမည်ဟု သိရသည်။
ရခိုင်တွင် ယခုနှစ်အတွင်း စာစစ်ဌာန ၁၂၈ ခုရှိပြီး ယင်းအနက် လုံခြုံရေးအခြေအနေကြောင့် စာစစ်ဌာန ၂ဝ ကို မြို့ပေါ်သို့ ပြောင်းရွှေ့စစ်ဆေးသွားမည်ဟုလည်း ပြည်နယ်ပညာရေးမှူးက ပြောဆိုထားသည်။

ဆက်စပ် သတင်းများ