ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မူဆလင် လူငယ်များအတွက် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း မြောက်ဦးတွင် အခမဲ့ဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.4k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၃၁ /၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် မူဆလင်များအတွက် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းတစ်ခုကို အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြောက်ဦးမြို့ရှိ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရတည်ထောင်ထားသော မြတန်ဆောင်းဖောင်ဒေးရှင်းက ဦးစီးကာ မြောက်ဦးမြို့နယ်၊ ကုန်ဘောင်ကျေးရွာရှိ အခြေခံမူလတန်းကျောင်းခွဲတွင် ယနေ့ မတ်လ ၃၁ ရက်နံနက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ မိမိရွာတွင် ပညာအခမဲ့သင်ခွင့်ရသည့်အတွက် လွန်စွာပီတိဖြစ်မိသည်ဟုလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်လှက နိရဥ္စရာကိုပြောသည်။
"ကျနော်တို့ရွာမှာ ဒီလိုသင်ကြားပေးတဲ့အတွက် ဆရာတော်ကိုလည်းကျေးဇူးတင်ပါတယ်။ ကိုယ့်ရွာကလူတွေအင်္ဂလိပ်စာတတ်မယ်ဆိုတော့ ဝမ်းသာပါတယ်"ဟုပြောသည်။
အဆိုပါသင်တန်းကိုတက်မည့်သူများအနေဖြင့် အသက် ၁၃ နှစ်မှ အသက် ၄၀ နီးပါးအထိ လူဦးရေ ၃ဝ ဦးခန့် တက်ရောက်သင်ကြားနိုင်ပြီး ၂ လကြာသင်ကြားပေးသွားမည်ဟု သိရသည်။
သင်ကြားပို့ချမည့်သူမှာ မြောက်ဦးမြို့ သျှစ်သောင်းကျောင်းမှ ဦးစက္ကဝံသဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့လုပ်ဆောင်ပေးခြင်းသည် လူမျိုးရေးချစ်ခင်မှုကိုရစေသည့်အတွက် မြတန်ဆောင်းဆရာတော်၏လုပ်ရပ်ကို ဂုဏ်ယူမိသည်ဟု သင်္ဂဟကမ်းလက်ပရဟိတအသင်းဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။
"ဒီလိုမျိုး ပညာသင်ပေးနိုင်တာ အရမ်းဂုဏ်ယူစရာကောင်းတယ်။ ဆရာတော်အတွက်လည်း ဂုဏ်ယူတယ်။ အရင်က ပဋိပက္ခတွေဖြစ်ခဲ့ပေမယ့် အခုလို ချစ်ချစ်ခင်ခင်နေကြတော့ ကောင်းတာပေါ့"ဟုပြောသည်။
အဆိုပါသင်တန်းသို့ ကုန်ဘောင်ရွာအပါအဝင် ပီပင်ရင်း၊ ယိုင်သည်၊ ကိုင်းတောနှင့် ရပ်နီးရပ်ဝေးကျေးရွာများမှ မူဆလင်များ တက်ရောက်နေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ