ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကျောင်းသား/သူထောင်နှင့်ချီရှိသော သံတွဲပုလဲရတနာဘုန်းတော်ကြီးပညာသင်ကျောင်းအတွက် အဟာရဒါနအဖွဲ့မှ တနင်္ဂနွေနေ့တိုင်းအလှူခံထွက်ပြီး ကူညီထောက်ပံ့မှုပြုလုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k

နိရဉ္စရာ၊ ဇူလိုင် ၁၂/ ၂၀၂၂
အဆောင်နေ ကျောင်းသားကျောင်းသူ (၉၅၀) ယောက်အပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၆၀၀ ခန့်ရှိသည့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲ ပုလဲရတနာ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် စာသင်သူ ကျောင်းသား ကျောင်းသူများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ပရိဟတိ အဖွဲ့တစ်ခုဖြစ်သည့် အဟာရဒါနအဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သံတွဲမြို့ ဈေးကြီးတွင် အလှူခံ ထွက်ကာ ကူညီထောက်ပံ့မှုများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။
“ကျမတို့ တနင်္ဂနွေနေ့နေ့တိုင်း အလှူခံထွက်ပါတယ်ရှင့်။ ဘာကြောင့်လည်း ဆိုတော့ ဆရာတော်မှာ ကျောင်းအိပ်ကျောင်းစား ၉၅၀ ကျော်ရှိတယ်။ ဆိုတော့ ဒီကလေးတွေရဲ့ စားဝတ်နေရေးကို ဆရာတော်တပါးတည်းက အကုန် တာဝန်ယူထားရတယ်ဆိုတော့ ဆရာတော်မှာ ဝန်လေးတဲ့အတွက် တတ်နိုင်တဲ့ဘက်က ပရဟိတ စိတ်ဝင်စားသူတွေစုပြီး တနင်္ဂနွေတစ်ရက် အလှူခံထွက်တာပါ”ဟု အဟာရဒါနအဖွဲ့မှ ဒေါ်ခင်လေးနွယ်က ပြောသည်။
ယခုကဲ့သို့တစ်ပတ်လျှင်တရက် အလှူခံထွက်လျှင် ဆန်အိတ် တစ်ဆယ်ကျော်ခန့်ရသည့်အတွက် တနေ့စာ ဖုံလုံသော်လည်း တခြားကျန် ၆ ရက်ကို ဆရာတော်မှာ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကို အားထားနေ ရသည်ဟု ဆိုသည်။
ပုလဲ ရတနာဘုန်းတော်ကြီး အခမဲ့ပညာသင်ကျောင်းတွင် ရခိုင်ကျောင်းသား၊ ကျောင်းသူများအပြင် ဗမာ၊ ပအို့ ၊ ရှမ်း၊ ထားဝယ်၊ ချင်း ကျောင်းသား၊ ကျောင်းသူ ၁၆၁၀ ယောက်ရှိ ပြီး ယင်းအထဲမှ ကျောင်းအိပ်ကျောင်းစား ကျောင်းသား၊ ကျောင်းသူ ၉၅၀ ဦးရှိကြောင်း သိရှိရသည်။
ဆရာတော်မှာ အဆိုပါ ကျောင်းသားကျောင်းသူများ စားဝတ်နေရေးအပြင် ကျောင်းဝတ်စုံနှင့် စာရေးကရိယာ များကိုပါ တပါးတည်း ထောက်ပံ့ ပေးနေရသည့်အတွက် လိုအပ်ချက်ရှိနေပြီး လွန်ခဲ့သည့်နှစ်က အလှူရှင်များ နည်းပါးပြီး ငွေကြေးမလုံ လောက်သည့်အတွက် ကားတစ်စီးကို ရောင်းချခဲ့ရသည်ဟုသိရသည်။
ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမအပါအဝင် လုပ်သားများ အတွက်ပါ ထမင်းတစ်နပ်အတွက် အနည်းဆုံး ဆန် ၁၂ အိတ်ကုန်ကျပြီး တနေ့လျှင် ငွေ ၁၀ သိန်းခန့် ကုန်ကျကြောင်းလည်း ဒေါ်ခင်လေးနွယ်က ယခုကဲ့သို့ ဆက်ပြောသည်။
“ တနပ်ကို ဆန်က ၁၂ အိတ်ကုန်ပြီး ငါးနဲ့ကျွေးမယ်ဆိုရင် ၅ သိန်းကုန်တယ်။ အာလူးတို့ ဟင်းသီးဟင်းရွက် တွေနဲ့ ကျွေးမယ်ဆိုရင် ၃ သိန်းကနေ ၂သိန်းခွဲ လောက်ကုန်တယ်။ အဆင်ပြေသလိုပေါ့။ အခုတော့ ရွာက ငါးလုပ်ငန်း ရှင်တွေကလည်း နိုင်သလောက် ငါးတွေဘာတွေလှူကြတယ်။ ရွာကလည်း ဟင်းသီး ဟင်းရွက် တွေလှူတာရှိလို့ နည်းနည်း သက်သာတယ်လို့ ပြောလို့ရတယ်။”
ကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်စရိတ်အပြင် တခြား လိုအပ်သည့် စာရေးကြီများနှင့် ဆရာ၊ဆရာမများကိုပါ လစဉ် ထောက်ပံ့ နေရသည့်အတွက် တစ်လကုန်ကျစရိတ်ကို သူ့အနေနှင့် အတိကျ မသိရှိဟု ဆိုသည်။
ရပ်ဝေးရပ်နီးမှ စေတနာရှင်များကိုလည်း မိမိတတ်နိုင်သလောက် ပါဝင်လှူဒါန်းကြဖို့ ဒေါ်ခင်လေးနွယ်က ယခုကဲ့သိုပြောဆိုသွားသည်။
“ ပုလဲကျောင်းမှာက အမြဲတမ်းလိုအပ်နေတဲ့အတွက် ကိုယ့်ရဲ့ချွေးနဲစာနဲ့ နိုင်သလောက် လှူရှင်တယ် ဆိုရင် အမြဲတမ်းလိုအပ်နေတဲ့ ဒီပုလဲကျောင်းကို သတိရပေးပါလို့ ပြောချင်ပါတယ်။”
ပုလဲ ရတနာအခမဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်မှ စစ်ဘေးရှောင်သားသမီးများ၊ ပညာသင်ကြားရန် ငွေကြေးချို့တဲ့သူများနှင့် တခြားဒေသမှ ချို့တဲ့သူများပါ လာရောက်ပညာ သင်ကြားနေကြခြင်း ဖြစ်သည်။
အဟာရဒါနအဖွဲ့သို့ဆက်သွယ်၍လှူဒါန်းလိုလျှင် ဒေါ်ခင်နှင်းဖြူ -09421754357 Kpay -09765428043wave ၊ ဒေါ်ခင်လေးနွယ် --0945587984kpay ဒေါ်ဝင်းမာထွန်း --09421754445 kpay/wave၊ ဒေါ်ချစ်ချစ်09421730686kpay သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ (NN-14)

ဆက်စပ် သတင်းများ