သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတက္ကသိုလ်ကျောင်းသားများတွင် ကျူရှင်ခစျေးမြင့်တက်နေ၍ ဘာသာစုံမတက်နိုင်သူများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.8k

နိရဉ္စရာ၊ ဇူလိူင် ၁၆/၂၀၂၂
ရခိုင်ပြည်နယ်ရှိ စစ်တွေတက္ကသိုလ် ကျောင်းသားများတွင် ကျူရှင်ခ စျေးမြင့်တက်နေ၍ ဘာသာစုံမတက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများရှိနေသည်ဟု သိရသည်။
စစ်တွေတက္ကသိုလ်တွင် နယ်မှလာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် နွမ်းပါးသည့်ကျောင်းသား၊ ကျောင်းသူများတွင် အဆောင်စရိတ်၊ စားစရိတ်အပြင် အထွေထွေအသုံးစရိတ်များအတွက် ငွေကုန်ကျမှုများနေသည့်အပြင် ကျူရှင်လခလည်း စျေးကြီးနေသည်ဟု ကျောင်းသူ၊ ကျောင်းသားများက ပြောသည်။
ယခင်နှစ်များက ဘာသာစုံတက်လျှင် ၁ သိန်းခန့်သာရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ဘာသာကို ကျပ် ၂ သောင်းနှုန်းဖြင့် ဘာသာစုံဆိုလျှင် ၁ သိန်းခွဲခန့်အထိစျေးမြင့်တက်နေသည်ဟု နယ်မှကျောင်းလာတက်သည့် ကျောင်းသူတစ်ဦးက ပြောသည်။
"ဒါကြောင့်မလို့ စာမလိုက်နိုင်တဲ့ ဘာသာရပ်တွေတော့ တက်တယ်။ စာလိုက်နိုင်တဲ့ ဘာသာရပ်တွေကိုတော့ ကျူရှင်မတက်ဘူး"ဟု ပြောသည်။
ယင်းသို့ ဘာသာစုံ ကျူရှင်မတက်ကြသည့်အတွက် ဆရာ၊ ဆရာမများ၏ အမြင်မကြည်လင်မှုကို ခံနေရပြီး ကျူရှင်မှာသာလျှင် စာများကိုလည်း ဂရုတစိုက်သင်ကြားပေးနေကာ ကျူရှင်တက်မှသာ စာသင်ကြားမှုပိုင်းတွင် အဆင်ပြေသည်ဟု ကျောင်းသားတစ်ဦးက ပြောသည်။
"အဲလို ကျူရှင်မတက်ပြန်ရင်လည်း ဆရာ၊ ဆရာမတွေက အမြင်မကြည်ကြဘူး။ ကျူရှင်မှာတော့ ဂရုတစိုက်သင်ပေးပြီး ကျောင်းမှာကျတော့ သိပ်ပြီးဂရုတစိုက်မသင်ကြဘူး။ ကျူရှင်တက်မှ အဆင်က ပြေတယ်။ ကျူရှင်မတက်ရင် သိပ်ပြီးတော့ စိတ်ချလို့မရဘူး"ဟု ပြောသည်။
စစ်တွေတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများတွင် အဆောင်စရိတ်၊ စားစရိတ်၊ အထွေထွေအသုံးစရိတ်အပြင် ကျူရှင်ခစျေးမြင့်တက်မှု၊ ကျောင်းသွား၊ ကျောင်းပြန် ကားစရိတ်စျေးတက်မှုနှင့် ကျောင်းကန်တဲင်း၌ ထမင်းသွားစားသည့်အခါ စားသောက်ခစျေးတက်မှုတို့ကြောင့် အခက်အခဲဖြစ်နေရသည်ဟု သိရသည်။
ယင်းအပြင် ငွေကြေးထောက်ပံ့နေရသည့်ကျောင်းသားမိဘများတွင်လည်း နိုင်ငံရေးအရှုပ်အထွေးနှင့် ကိုဗစ်ရောဂါဖြစ်ပွားခဲ့မှုတို့ကြောင့် စီးပွားရေးအဆင်မပြေမှု၊ မပြေလည်မှုများရှိနေရာ သား၊ သမီးတို့၏ ပညာရေးအတွက် ငွေကြေးထောက်ပံ့မှုမှာလည်း အခက်အခဲဖြစ်နေသည်ဟု သိရသည်။
တရားဝင်မဟုတ်သည့် ကျူရှင်ကျောင်းများကို ဆရာ၊ ဆရာမတို့က စီးပွားရေးအဖြစ်လုပ်ကိုင်နေကြပြီး ကျူရှင်လခစျေးမြင့်တက်နေခြင်းသည် လုံးဝ မဖြစ်သင့်ကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုကျော်နိုင်ဌေးက ပြောသည်။
နားလည်မှုဖြင့်ဖွင့်လှစ်ထားသည့်ကျူရှင်များကို ဆရာ၊ ဆရာမတို့ကလည်း ကျောင်းသားများအပေါ်ငဲ့ညှာပြီး စျေးမတင်သင့်ကြောင်းလည်း ဆက်ပြောသည်။
"ကျူရှင်ဆိုတာက တရားဝင်ကျောင်းလုံးဝမဟုတ်ဘူး။ ပြသခွင့်လည်း မရှိဘူး။ နားလည်မှုနဲ့လုပ်ထားတာပဲဖြစ်တယ်။ ကျူရှင်ပြခွင့်ကမရှိဘူး။ ဒါကိုကျောင်းသားနဲ့ ဆရာမတို့က နားလည်မှုနဲ့လုပ်ထားတာကို ဆရာမတို့က ကျောင်းသားတွေကို ငဲ့ညှာသင့်တယ်။ စီးပွားရေးတစ်ခုလိုပုံစံမျိုးလုပ်နေတာတော့ မကောင်းဘူး" ဟု ပြောသည်။
ကျူရှင်ခများကို စျေးတင်မတောင်းရန် ဆရာ၊ ဆရာမများကို စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် တိုက်တွန်းသွားရန်ရှိသည်ဟုလည်း ကိုကျော်နိုင်ဌေးက ပြောသည်။
စစ်တွေတက္ကသိုလ်တွင် ယခုနှစ်စာသင်နှစ်အတွင်း ကျောင်းသူ/သား ၂ ထောင်ကျော်တက်ရောက်သင်ကြားနေကြပြီး ယင်းအနက် နယ်မှ လာတက်သူနှင့် နွမ်းပါးသူ များပြားသည်ဟု သိရသည်။ (NN-12)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ