ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးကင်းစင်ရေးနှင့်ဂိမ်းစွဲလမ်းမူများ ပပျောက်ရန် လုပ်ဆောင်နေဟု ပညာရေးဌာနပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 2.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၂၁ /၂ဝ၁၉

ရခိုင်ပြည်နယ်ထဲက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေး ကင်းစင်ရေးနှင့် ဂိမ်းစွဲလမ်းမူများ ပပျောက်စေလိုသည့်အတွက်ကြောင့် အစီအစဉ်များ ချမှတ် ဆောင်ရွက် နေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမ ခမ်းမတွင် ယနေနံနက် ၈နာရီက ပြုလုပ်ခဲ့သည့် (၂ဝ၁၉-၂ဝ၂ဝ) ပညာသင်နှစ် ပြည်နယ် အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် လူပ်ရှား အခမ်းနားတွင်  ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ကျောင်းကျန်းမာရေးနှင့်စာကြည့်တိုက် ဦးစီးအရာရှိ ဦးအောင်ကျော်ငြိမ်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အားကစားနှင့်ကာယကိုပြိုင်ပွဲများပြုလုပ်ပြီး ပညာပေး ဟောပြောပွဲများ ပြုလုပ်နေကြောင်း ၎င်းက ပြောကြားသည်။

"ကျွန်တော်တို့က ကျောင်းသားတွေ ဂိမ်းစွဲလမ်းမူနဲ့ မူးယစ်ဆေးတွေ၊ ဆေးလိပ်သုံးစွဲမူတွေ ပပျောက်အောင် ကျောင်းမှာ အားကစားနဲ့ ကာယဘက်ကို ကျောင်းသားတွေ စိတ်ဝင် စားလာအောင် ပြိုင်ပွဲတွေလုပ်ပေးတယ်။ ပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးနဲ့ ဆေးလိပ်ကင်းစင်ရေးတွေ ပူးပေါင်း လုပ်ဆောင်နေပါတယ်"ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းများအား အဆင့်သတ်မှတ်ရွေးချယ်ပြီး မူးယစ်ဆေးနှင့် ဆေးလိပ်ကင်းစင်နိုင်ရန်အတွက် အစိုးရ အာဏာပိုင်များနှင့်ပူးပေါင်းပြီး အရေးယူဟန့်တားမှုများ လုပ်ဆောင်နေကြောင်း  ဦးအောင်ကျော်ငြိမ်းက ပြောသည်။

၎င်းအပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် NGO အဖွဲ့များနှင့် ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား အာဟာရ ကျွေးမွေးခြင်းအပါအဝင် ကျန်မာရေး စစ်ဆေးမူများပြုလုပ်ခြင်း/ ကျောင်းသောက်သုံးရေများရရှိရေးနှင့် ရေလုံအိမ်သာများ ဆောက်လုပ်ခြင်းတို့ကို လုပ်ဆောင်နေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ