ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘူးသီးတောင် မြို့မကျောင်း စစ်ဘေးရှောင်ကျောင်းသား ၄၅ ဦးအတွက် အကူအညီများလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 8.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ်၂၉/၂ဝ၁၉

ရခို်င်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သီရိမင်္ဂလာမြို့မဘုန်းတော်ကြီး ကျောင်းရှိ စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၅ ဦးအတွက် အကူအညီများ အမြန်လိုအပ်နေကြောင်း သတင်းရရှိသည်။ 

၎င်းတို့မှာ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့မှ ဆင်းရဲ နွမ်းပါးသည့် စစ်ဘေးရှောင်မိဘများ၏ သားသမီးများနှင့် တစ်ချို့မှာ မိဘမဲ့ကလေးများ ဖြစ်ကြသည်ဟု ကျောင်းထိုင်ဆရာတော် ဦးဝိစက္ခဏက ပြောသည်။

“ ဒီကလေးတွေက မိဘကို မှီခိုလို့ မရတဲ ကလေးတွေပါ။ ကျောင်းသား တွေကို ထမင်းကျွေးတာ သက်သက် တစ်ရက်ကို ကျပ် ၄သောင်းကျော် လောက်ကုန်ကျပါတယ်။ ကြာလာတော့ စားရေး သောက်ရေးတော့ အခက်ခဲတွေနေပါပြီ။ ဘယ်ကမှ အကူအညီ ရတာ မရှိသေးပါဘူး” ဟု ဆရာတော်က မိန့်သည်။

ကျောင်းသားကျောင်းသူ ၄၅ ဦးထဲတွင် ကျောင်းသား ၂၉ ဦး၊ ကျောင်းသူ ၁၆ ဦး ဖြစ်ကြောင်း သိရသည်။

၎င်းကျောင်းသား ကျောင်းသူ ၄၅ ဦးမှာ ဘူးသီးတောင် အထက(၁) တွင် တက်ရောက်ပညာသင်ကြားနေကြပြီး သူတို့အတွက် ဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းဆရာများ ငှားရမ်းပြီး ကျူရှင်စီစဉ်ပေးထားသည်ဟု  ကျောင်းထိုင်ဆရာတော် ဦးဝိစက္ခဏက ဆက်လက်၍ မိန့်သည်။

ဘူးသီးတောင် မြို့နယ် စည်တောင်ကျေးရွာမှ ၁ဝ တန်းကျောင်းသူ မလိူင်မိုးဝင်းက  “ ရွာနားမှာ တိုက်ပွဲတွေဖြစ်လို့ သမီးတို့ ထွက်ပြေး ကြပါတယ်။ ဆရာတော်က ပညာသင်ပေးဖို့ခေါ်ယူလို့ ဒီကျောင်းကို ရောက်လာတာပါ။ ဝမ်းလည်းနည်းပါတယ်။ ဆရာတော်စီစဉ် ပေးလို့ ကျောင်းဆက်တက်ရတာပါ။ သမီးတို့မှာ အခု စားရေးသောက်ရေး အခက်ခဲဖြစ်နေပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် စာသင်ကျောင်း များပိတ်ထား၍ စာမသင်ရသလို တစ်ချို့ကျောင်းများတွင်  ဆရာ/ ဆရာမများလည်း လုံခြုံရေးကြောင့်  လာရောက် စာမပြနိုင်သည့် အတွက်  ကလေးငယ်များ ပညာဆက်လက်သင်ယူရန် အခက်အခဲ ဖြစ်နေကြရကြောင်း သိရသည်။

လက်ရှိ အချိန်တွင် စာသင်ကျောင်း အချို့လည်း ပိတ်ထားရပြီး ဘူးသီးတောင်မြို့နယ်တွင် အမက စပါးထား၊ မူလွန် စံဂိုးထောင်၊ အမက ကွမ်းတောင်၊  အမက ဥယာဉ်သာ၊ လ(ခွဲ)နွားရုံတောင်၊ မူလွန် ကံပြင်၊ မူလွန် ပြင်ချောင်း၊ အမက(ခွဲ)အလယ်ချောင်းခမီ စာသင်ကျောင်းများ ပါဝင်ကြောင်း၊ တစ်ခြားကျောင်းများတွင်  ယာယီရွေ့ပြောင်း သင်ကြား ပေးနေရကြောင်း မြို့နယ်ပညာရေးမှူး  ဦးသန်းဖေကပြောသည်။

ရသေ့တောင်မြို့နယ်မှ ပိတ်ထားရသည့် စာသင်ကျောင်းများမှာ အလက(ခွဲ)လိုင်ဂွင်၊ အထကရေစိုးချောင်း၊ မူလွန်ရက်ခုံတိုင်(ခ) သမီးလှရွာဟောင်း၊ အမက တောင်ရင်းပိုင်း စာသင်ကျောင်းများဖြစ်ကြပြီး အခက်အခဲ ဖြစ်နေရသည့် ကျောင်းသား/ကျောင်းသူပေါင်း ၅၉၇ ဦး ဖြစ်ကြောင်း ရသေ့တောင်မြို့နယ်ဒုပညာရေးမှူး ဦးဇော်မင်းနိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

လက်ရှိ ဘူးသီးတောင် မြို့မ ဘုန်းတော်ကြီး ကျောင်းသားများအတွက်  စားနပ်ရိက္ခာ အကူအညီများ အမြန်လိုအပ်နေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ