ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်မှ ကျွဲတဲနှင့် ငပုကွ အထက်တန်းကျောင်းနှစ်ကျောင်း ဆယ်တန်းအောင်ချက်ကောင်း၍ နိုင်ငံအဆင့် ဂုဏ်ပြုမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.3k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၁၆

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်အကောင်းဆုံးကျောင်းများအား ပညာရေးဝန်ကြီးဌာနမှ တစ်နိုင်ငံလုံး အဆင့်ဂုဏ်ပြုမည် ဖြစ်ရာ ထိုအစီအစဉ်တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ကျွဲတဲကျေးရွာ အထက်တန်းကျောင်းနှင့် မင်းပြားမြို့နယ်မှ ငပုကွကျေးရွာ အထက်တန်းကျောင်း(ခွဲ)တို့ပါဝင်ကြောင်း  ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

"ရခိုင်ပြည်နယ်က အထက(ကျွဲတဲ)ကျောင်းနဲ့ အထက(ခွဲ)အဖြစ် ငပုကွ အထက (ခွဲ) ကျောင်းနှစ်ကျောင်းပါတယ်။ နေပြည်တော်မှာ ဆုယူဖို့သွားရမယ်။ ၁၉ ရက်နေ့ အရောက်သွားရမှာပါ"ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထွန်းလှက နိရဥ္စရာကို ပြောသည်။

ဆုချီးမြှင့်မည့်အခမ်းအနားကို စက်တင်ဘာ ၂ဝ ရက်(သောကြာ)နေ့ နံနက် ၉ နာရီအချိန်တွင် နေပြည်တော်ရှိ MICC -2 ခန်းမ၌ ကျင်းပမည်ဟု ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း လက်မှတ်ရေးထိုးကာ စက်တင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည့်စာတွင်ဖော်ပြထားသည်။

"ကျနော်တို့ဆီကိုတော့ ဒီနေ့မှ မြို့နယ်ရုံးက အကြောင်းကြားပါတယ်။ အောင်ချက် ရာနှုန်းအကောင်းဆုံးဖြစ်လို့ အခုလို ချီးမြှင့်မှာလို့ ပြောပါတယ်။ ဘယ်လိုအစီအစဉ်နဲ့ ချီးမြှင့်မလဲတော့ မသိဘူး။ အခုလို ချီးမြှင့်ခံရလို့ အတိုင်းမသိဝမ်းသာပါတယ်။ နောက်နောင်လည်း ဒီအဆင့်ကို ထိန်းနိုင်အောင် ကြိုးစားနေပါတယ်"ဟု ဆုချီးမြှင့် ခံရမည့် အထက(ကျွဲတဲ)ကျောင်းမှ ယာယီကျောင်းအုပ်ဆရာကြီး ဦးလှမောင်သိန်းက နိရဥ္စရာကို ပြောသည်။

ဆုချီးမြှင့်ခံရမည့်ကျောင်းနှစ်ကျောင်းအနက် မြောက်ဦးမြို့နယ်မှ ကျွဲတဲအထကတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သူ ၄၃ ဦးရှိခဲ့သည့်အနက် ၂၂ ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၅၁ ဒသမ ၁၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

အလားတူ မင်းပြားမြို့နယ်မှ ငပုကွ အထက(ခွဲ)ကျောင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သူ ၆ ဦးရှိခဲ့သည့်အနက် ၃ ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း  ၅ဝ  ရာခိုင်နှုန်းရှိခဲ့သည်ဟု ငပုကွ ကျေးရွာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ချေက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသူ၊ ကျောင်းသားပေါင်း ၄၂၄၁၆ ဦးဝင်ရောက်ဖြေဆိုရာ ၁ဝ၁၆၅ ဦးဖြေဆိုအောင်မြင်ခဲ့ပြီး ပြည်နယ်တစ်ခုလုံး၏အောင်ချက်ရာခိုင်နှုန်းမှာ ၂၃ ဒသမ ၉၇ ရာနှုန်းရှိခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ် သတင်းများ