ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

နှစ်ဝက်စာမေးပွဲနီးကပ်ချိန် တိုက်ပွဲများကြောင့် မြေပုံမြို့နယ်တွင် စာသင်ကျောင်း ၅ ကျောင်း ယာယီပိတ်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၂၆/ ၂ဝ၁၉

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နှစ်ဝက်စာမေးပွဲ စစ်မည့် အချိန်တွင် စာသင်ကျောင်း ၅ ကျောင်းကို ယာယီ ပိတ်ထားရသည်ဟု သတင်းရရှိသည်။

ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှာ ယိုးဆနွင်း (အ.ထ.က)၊မိကျောင်းတက်(အ.မ.က)၊ တောင်ကြီး(မူလွန်)၊ တောင်ပြင်(မူလွန်) နှင့်ဒင်္ဂါးရ( အမက) ကျောင်းတို့ဖြစ်ကြကြောင်း မြေပုံမြို့နယ် ပညာရေးမှူး ဦးအောင်ဌေးက ပြောသည်။

"ကျောင်းတွေကို စက်တင်ဘာ ၂၁၊ ၂၂၊ ၂၃ ရက်နေ့တွေက စလို့ ယာယီပိတ်ထားပါတယ်။ ကလေးတွေ ထွက်ပြေး ခိုလှုံနေကြတဲ့ ရွာတွေဖြစ်တဲ့ မိုးသီးနတ်တောင်ရယ်၊ ကျီးဒေါင်းတောင် ရွာတွေကို ရောက်နေတယ်လို့ သိရတယ်။ ကျနော်တို့လည်း စုံစမ်းနေပါတယ် ကလေးတွေရှိမယ့် နေရာတွေကို။ သူတို့ရောက်နေတဲ့နေရာတွေမှာ ယာယီကျောင်းတက်နိုင်ဖို့ကျောင်းတွေကို ညွှန်ကြားထားပါတယ်” ဟု မြေပုံမြို့နယ် ပညာရေးမှူး ဦးအောင်ဌေးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

လာမည့် အောက်တိုဘာလ ၅ ရက်နေ့တွင် နှစ်ဝက်စာမေးပွဲ ဖြေဆိုရန် ရှိသည်ကိုလည်း ကျောင်းသားများ ရောက်ရှိရာ နေရာတွင် ဖြေဆိုခြင်း ဖြစ်စေ၊ ကျောင်းပြန်လည်ဖွင့်နိုင်သည့် အချိန်တွင် ဖြစ်စေ ဖြေဆိုနိုင်ရန် စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာရေးမှူးက ဆက်ပြောသည်။

ယိုးဆနွင်းကျေးရွာ စာသင်ကျောင်းတွင် တာဝန်ကျနေသော ဆရာတစ်ဦးက “ ကလေးတွေက ဖောင်တွေ တင်နေကြရပြီ။ စာမေးပွဲတွေလည်းနီးလာပါပြီ။ အခု ကလေးတွေက ရွာကနေထွက်ပြေးနေရတော့ ပညာရေး ထိခိုက်တာပေါ့။ အောက်တိုဘာ စာမေးပွဲတွေတွက်လည်း အကုန်ပြင်ဆင်ပြီးနေမှ ကျောင်းတွေပိတ်ထားရတယ်။ ဆရာ၊ဆရာမတွေလည်း ထွက်ပြေးနေရတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦ၊ မင်းပြား ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်ကျောင်းအချို့ ယာယီပိတ်ထားခဲ့ရကြောင်းသိရသည်။

လက်ရှိတွင် မြေပုံမြို့နယ်တွင်လည်း ယာယီပိတ်ထားခြင်းသာဖြစ်ပြီး တိုက်ပွဲများ မဖြစ်ပွားတော့ပါက ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုတင်လုပ်ဆောင်ထားကြောင်း မြို့နယ် ပညာရေးမှူးက ပြောကြားသည်။

ဆက်စပ် သတင်းများ