ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ပြိန်းတောကုန်တန်းကျေးရွာ အလယ်တန်းကျောင်းကို ဖျက်ဆီးခံထားရသည်ကိုတွေ့ရ၍ “ပြန်ပြောရင် ငိုချင်တယ်” ဟု ဆရာမကြီးဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.8k

ချစ်အိ်လှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၉ /၂ဝ၁၉

ရသေ့တောင်မြို့နယ်၊ ကုန်တန်းကျေးရွာ အလယ်တန်းကျောင်းအား တပ်မတော် စစ်ကြောင်းတစ်ခုမှ စခန်းချ နေထိုင်ပြီး ကျောင်းသုံးပရိဘောဂများကို ဖျက်ဆီးသွားခဲ့သည့်အပေါ် စိတ်မကောင်းဖြစ်မိပြီး ပြန်ပြောရင် ငိုချင်လာကြောင်း ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။

 “ကျွန်မတို့ကျောင်းက သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ကျောင်းပိတ်ထားတာပါ။ ၁၁ ရက်နေ့က စပြီး ပိတ်ပါတယ်။ စစ်တပ်က ၁၂ ရက်နေ့က ရွာထဲဝင်လာပြီး ကျောင်းထဲမှာ စခန်းချထားတယ်လို့သိရတယ်။ ကျွန်မက သူတို့ စခန်း ချတာကို ဘယ်လိုမှ သဘောမထားပါဘူး။ နေစရာလိုလို့နေတာပဲ။ ဒါပေမဲ့ အခုလို ကျောင်းကို ရစရာ မရှိအောင် ဖျက်ဆီးသွားတာကို စိတ်မကောင်းဘူး။ ပြန်ပြောရင်ငိုချင်လာတယ်” ဟု ပြိန်းတောကုန်တန်းကျေးရွာ စာသင်ကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနုက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြိန်းတောကုန်တန်းကျေးရွာ အလယ်တန်းကျောင်းတွင် တပ်မတော် စစ်ကြောင်းတစ်ခုမှ အောက်တိုဘာ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့နံနက်အထိ( ၆ )ရက်ကြာ စခန်းချနေထိုင်ပြီး ကျောင်းသုံးပရိဘောဂ ပစ္စည်းများအား ဖျက်ဆီးပစ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ကျောင်းသုံး ပရိဘောဂများကို ဖျက်ဆီးပစ်ခဲ့သည့်အပြင် ဆရာ၊ ဆရာမ အဆောင်မှ အဝတ်အစားများအား မွှေနှောက် ရှာဖွေခြင်း ပြုလုပ်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

“ဦးလေးတို့က ရွာကို သူတို့ဝင်လာတော့ ရွာကထွက်ပြေးကြတယ်။ သူတို့စာသင်ကျောင်းမှာ စခန်းချ နေတာတော့ မြင်ခဲ့တယ်။ ဒီနေ့သူတို့ထွက်သွားတော့ ရွာထဲပြန်လာကြတာ စာသင်ကျောင်းတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ကြတယ်။ အပျက်အစီးတန်ဖိုးတော့ မသိသေးဘူး။ ရွာကဘုန်းကြီးကျောင်းက ပစ္စည်းတွေလည်း ပျက်စီးနေတာတွေ့တယ်” ဟုပြောသည်။

ယင်းတပ်မတော် စစ်ကျောင်း ရွာမှ ထွက်ခွာသွားပြီးနောက် ကျောင်းခြံစည်းရိုးများအား ပျက်စီးလျက်တွေ့ ရှိရကြောင်း၊ ကျောင်းခြံဝင်းအတွင်း ကတုတ်ကျင်းများတူးထားခြင်းများတွေ့ရှိရကြောင်း ဒေသခံကျေးရွာ သားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက” အဲဒီနေရာမှာကျွန်တော်တိုတပ်တွေရှိလည်း မရှိဘူး ၊ နေလည်း လုံးဝ မနေဘူး။ ကျွန်တော်တို့တပ်တွေက ရွာတွေထဲ မနေဘူး” ဟု ပြောသည်။

ပြိန်းတောကုန်တန်းကျေးရွာစာသင်ကျောင်းတွင် ပညာသင်ကြားသည့် ကျောင်းသားဦးရေ ၁၆၆ ဦးရှိပြီး အနီးအနား ကျေးရွာတစ်ချို့လာရောက် ပညာသင်ကြားလျက်ရှိကြောင်း၊ ၄င်းကျောင်းအား ဆက်လက်ဖွင့် နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပညာရေးမှူးက ပြော သည်။

ရသေ့တောင်မြို့နယ် ပညာရေးမှူးဦးကျော်မြက “ ဟုတ်ပါတယ်။ အပျက်အစီး စာရင်းတော့ မသိရသေးဘူး။ ခြံစည်းရိုး ပျက်သွားတာက သူတို့ လမ်းပေါက်က မထွက်ကြဘဲ ခြံစည်းရိုးဖျက်ထွက်ကြတာနေမှာပါ။ စစ်ဖြစ်နေရင်တော့ ဒီလောက်တော့ခံရမှာပါပဲ။ ကျောင်းသားတွေနဲ့ဆရာ/ဆရာမတွေ အသက်အန္တရာယ် မဖြစ်တာပဲ တော်လောက်ပါပြီ။ ကျောင်းကတော့ ကျောင်းဖွင့်ရက်ပြန်ဖွင့်မှာပါ” ဟုပြောသည်။
 

ဆက်စပ် သတင်းများ