ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လုံခြုံရေးအခြေအနေကြောင့် ရခိုင်မြောက်ပိုင်းမှဝန်ထမ်းလစာများ စစ်ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ရ၍ ကျောင်းဆရာ/ဆရာမများလစာ အချိန်မီ မထုတ်ပေးနိုင်ဘဲဖြစ်ခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂ဝ၁၉

ရခိုင်ပြည်နယ်၏ လက်ရှိ ဖြစ်ပေါ်နေသော လုံခြုံရေး အခြေအနေကြောင့် ဝန်ထမ်းလစာများကို စစ်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ရ၍ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ကျောင်းဆရာ ဆရာများ၏ ဒီဇင်ဘာ လစာကို အချိန်မီ မပေးနိုင်ဘဲ ဖြစ်ခဲ့ရသည်ဟု သတင်းရရှိသည်။

ရသေ့တောင်မြို့နယ် ပညာရေးမှူးသို့ ဆက်သွယ်ရာ  ၎င်းက “ လစာက မနေ့ည ၇ နာရီလောက်မှ ဘဏ်ကရတယ်။ ဒီနေ့လည်း ရုံးပိတ်ရက်ဆိုတော့ မနေ့က ညနေစောင်းသွားပေမယ့် ဘဏ်က ထုတ်ပြီး ဒီကနေ့မှာတော့ ကျောင်းဆရာ ဆရာမတွေကို လစာတွေ ထုတ်ပေးလိုက်ပါတယ်။ စုစုပေါင်း ဆရာ ဆရာမ ၁၇ဝဝ ဒီကနေ့ လစာရသွားကြပါပြီ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

လစာနောက်ကျရခြင်းနှင့် ပတ်သက်ပြီးလည်း မြို့နယ် ပညာရေးမှူးက ယခုလို ပြောဆိုသည်။

“ လုံခြုံရေးက အရင်လို မကောင်းတော့ ကုန်လမ်း၊ ရေလမ်းနဲ့ ပို့လို့ အဆင်မပြေတဲ့ သဘော ထင်ပါတယ်။ ဒါကြောင့် မနေ့ကတော့ ရဟတ်ယာဉ်နဲ့ သယ်ယူလာပြီး စစ်တပ် ဝင်းထဲမှာကျတယ်။ ဘဏ်ကလည်း ကားမရှိတော့ မြို့နယ် ပညာရေးမှူးကားနဲ့ ပြောင်းခဲ့ရတယ်။ အဲသလို ပြောင်းတဲ့အခါမှာလည် ရဲကလည်း လုံခြုံရေး မယူပေးနိုင်ဘူးလို့ ပြောတယ်။ ဘဏ်က ပိုက်ဆံတွေကို ဒီဇင်ဘာ ၃၁ ရက်  ရုံးပိတ်ဆိုတော့ မနေ့ညနေက ရောက်တာနဲ့ ချက်ချင်း ထုတ်ပေးတယ်။ မိုးချုပ်နေတော့ ပိုက်ဆံကို ရဲစခန်းကို အပ်တော့လည်း သူတို့က မိန်းမအချုပ်ခန်းထဲမှာ ထားပြီး ကျောင်းဆရာတွေ စောင့်အိပ်ပါလို့ပြောတယ်။  သူတို့ ဒီလောက်များတဲ့ ငွေကို တာဝန်မယူနိုင်ဘူးလို့ ပြောတယ်။ ဒါနဲ့ ကျောင်းဆရာတွေအများစုရဲ့ သဘောတူညီချက်နဲ့ မြို့နယ် ပညာရေးမှူးရုံးကို သယ်ယူလာပြီး ကျောင်းဆရာတွေ မီးတွေ ထိန်ထိန်လင်းအောင်ထွန်းပြီး တစ်နေ့လုံး စောင့်အိပ်ကြရတယ်။ ဒီနေ့တော့ ထုတ်ပေးလိုက်ပါပြီ” ဟု ပြောကြားသည်။

ရသေ့တောင်အထက်တန်းကျောင်းမှ ဆရာတစ်ဦးက “ မနေ့ကတော့ လစာမရဆိုတော့ ဟိုပြော ဒီပြော ဖြစ်သွားတာပေါ့။  ဒီကနေ့ လစာရပါပြီ။ မနေ့က ရဟတ်ယာဉ်နဲ့ လာပို့တာ မိုးချုပ်သွားတယ်လို့ သိရပါတယ်။ ဒီနေ့တော့ ရပါပြီ” ဟု ပြောကြားသည်။

မောင်တောမြို့နယ် ကျောင်းဆရာ ဆရာမများ၏ လစာကို ဒီဇင်ဘာ ၃ဝ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ဘဏ်မှ လစာ ထုတ်ယူရသောကြောင့် ယင်းလစာများကို ဘဏ်၌ ပြန်လည်အပ်နှံထားကာ လာမည့် ဇန်နဝါရီလ ၂ ရက်နေ့မှ ပညာရေးဝန်ထမ်းများအား ထုတ်ပေးသွားမည်ဟု သိရသည်။

ဘူးသီးတောင်မြို့မှ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးဘအေးက “ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍက နည်းနည်း အခက်ခဲ ရှိနေတာကြောင့်ပေါ့နော်။ ပုံမှန်ထက်တော့ နောက်ကျမှ ရတယ်။ ကျွန်တော်တု့ိ ပုံမှန်ဆို ကားလမ်းတို့က သွားရတာအဆင်ပြေတယ်။ အခုက တိုင်းရေးပြည်ရေးအခြေနေကြောင့် လစာကို လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ တစ်ဆင့် ပို့ပေးတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကြန့်ကြာသွားတာလို့ သိရပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

ဘူးသီးတောင်မြို့တွင် ဒီဇင်ဘာ ၃ဝ ရက်နေ့ ညနေ ၅ နာရီခန့်က ပညာရေးဝန်ထမ်းများအား လစာ ပေးအပ်နိုင်ခဲ့သည်ဟု ဆိုသည်။

ရသေ့တောင်မြို့နယ် ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်အောင်ကလည်း “ကျွန်တော်တို့လည်း ညနေ ၇ နာရီမှ လစာရတယ်။ နောက်ကျမှ ရတာ။ အားလုံးက အတူတူပါပဲ။ အဲဒီအချိန်ပဲ ရကြတာ ”ဟု နိရဥ္စရာသို့ ပြောသည်။
 
ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ် ၃ ခုတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲအပြင်းထန်ဖြစ်ပွားလျက်ရှိသောကြောင့် အစိုးရ ဝန်ထမ်းများ၏ လစာများကို ယခင်ကဲ့သို့ ကုန်းလမ်း၊ရေလမ်းတို့ဖြင့် မပို့ဆောင်နိုင်သဖြင့် လေကြောင်းဖြင့် ဘဏ်သို့ တစ်ဆင့်ခံပို့ဆောင်ရသောကြောင့် နှောင့်နှေးကြန့်ကြားမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ 

------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၃၁/ ၂ဝ၁၉









 

ဆက်စပ် သတင်းများ