စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မောင်တော နံသာတောင်ဆရာတော် အိန္ဒိယတက္ကသိုလ်တစ်ခု၏ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ချီးမြှင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 337

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဖေဖော်ဝါရီ ၁ဝ / ၂ဝ၂ဝ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နံသာတောင်ပရဟိတဆရာတော် ဦးစရဏသည် အိန္ဒိယ နိုင်ငံရှိ တက္ကသိုလ်တစ်ခု၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ချီးမြှင့်ခံလိုက်ရကြောင်း သိရသည်။

မောင်တောမြို့နယ်ရှိ နံသာတောင်ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ဦးစီးပဓာနနာယကဆရာတော် ဦးစရဏအား အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ Indian Institute of Oriental Heritage တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တံဆိပ်တော်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် ၃ နာရီတွင် အဆိုပါတက္ကသိုလ်၌ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

"လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့၊ သွားလာရခက်ခဲတဲ့၊ အန္တရာယ်များတဲ့ ဒီ နယ်စပ်ဒေသမှာ အခက်အခဲတွေကြားထဲမှာ ဦးဇင်းတို့ ရခိုင်မျိုးနွယ်စုဝင်တွေ ပညာတတ်အောင် အနစ်နာခံပြီးတော့ စွမ်းစွမ်းတမံဆောင်ရွက်တာကို အသိအမှတ်ပြုတဲ့အတွက် ဒီဘွဲ့ကို ပေးတာလို့ သူတို့က ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် အများကောင်းကျိုးကို မှန်မှန်ကန်ကန်လုပ်ပေးတဲ့အတွက် ဘွဲ့ပေးလို့ အလွန်တရာ ဝမ်းပန်းတသာလည်းဖြစ်တယ်။"ဟု ဂုဏ်ထူးဆောင်ပါရဂူ ဘွဲ့ချီးမြှင့်ခံရသည့် ဆရာတော်ဦးစရဏက နိရဥ္စရာသတင်းဌာနအား မိန့်ကြားသည်။

မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယာ၊ လာအို၊ သီရိလင်္ကာစသည့်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂ဝ ခန့်မှ ယခုကဲ့သို့ အများအကျိုးအတွက် အနစ်နာခံသည့်ဆရာတော်များနှင့် လူပုဂ္ဂိုလ်များအား အဆိုပါတက္ကသိုလ်က ဒေါက်တာဘွဲ့များနှင့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များ ချီးမြှင့် ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းအထဲတွင် မြန်မာနိုင်ငံအတွင်းမှ ဆရာတော်ဦးစရဏနှင့်အတူ ဆရာတော် ၁၅ ပါးလည်း ချီးမြှင့်ခံရကြောင်း သိရသည်။

"အိန္ဒိယနိုင်ငံက နံသာတောင်ရွာမှာ နေအိမ်သစ်တွေ ဆောက်လုပ်ပေးတယ်လေ။ အဲဒီတုန်းက သူတို့လာတော့ ဦးဇင်းလုပ်နေတာတွေတွေ့သွားတယ်။ ဒါကြောင့် သူတို့ အဆင့်ဆင့် တင်ပြကြတယ်ထင်တယ်။ အဲဒီကနေဆက်စပ်ပြီး အခုလို ဘွဲ့ချီးမြှင့်ခံလိုက်ရတာပါ။"ဟု ဆရာတော်ဦးစရဏက မိန့်သည်။

ဆရာတော်သည် ဆင်းရဲနွမ်းပါးသည့် ကျောင်းသူ၊ ကျောင်းသားများ ပညာတတ်မြောက်စေရန် ရည်ရွယ်၍ မောင်တောမြို့နယ် နံသာတောင်ကျေးရွာတွင် နံ့သာတောင်ပရဟိတ ဘုန်းတော်ကြီးကျောင်းကို ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လမှစတင်ထူထောင်ထားသူဖြစ်သည်။

ယင်းနောက် ၂ဝ၁၇ ခုနှစ်က မောင်တောဒေသတွင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခဖြစ်စဉ်အတွင်း နံသာတောင်ကျေးရွာနှင့်အတူ နံသာတောင်ပရဟိတကျောင်းသည်လည်း မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့်အတွက် အဆိုပါပရဟိတကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများကို မောင်တောမြို့ပေါ်ရှိ မြို့မဘုန်းတော်ကြီးကျောင်းသို့ ယနေ့အချိန်ထိ ယာယီပြောင်းရွှေ့သင်ကြားပေးနေရသည်ဟု သိရသည်။

"ပညာရေးဟာ ဆင်းရဲခြင်းရဲ့ထွက်ပေါက်ဆိုတဲ့ အဲလိုရည်ရွယ်ချက်နဲ့ အနောက်တံခါးကို ပညာ အားနဲ့ ကာကွယ်မှ အနာဂတ်မျိုးဆက်သစ်လူငယ်လေးတွေ စည်ပင်ထွန်းကားလာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အန္တရာယ်မျိုးစုံကြားက အခုလို ပရဟိတကျောင်းကို ဖွင့်ထားတာပါ။"ဟု ဆရာတော် ဦးစရဏက မိန့်သည်။

လက်ရှိတွင် နံသာကျောင်းပရဟိတကျောင်း၌ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ ဆင်းရဲနွမ်းပါးသည့် ပဥ္စမတန်းမှ ဒသမတန်းအထိ ကျောင်းသူ၊ ကျောင်းသား ၄၂ဝ ဦးကို အစစအရာတာဝန်ယူကာ ပညာသင်ကြားပေးနေသည်ဟုလည်း ဆရာတော်က မိန့်သည်။
လက်ရှိတွင် မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ပရဟိတကျောင်းကို အစိုးရအပါအဝင် အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းငွေများဖြင့် ယခင်ကျောင်းဟောင်းနေရာတွင် ပြန်လည် တည်ဆောက် ပြီးစီး သွားပြီဖြစ်ပြီး လာမည့်စာသင်နှစ်အတွင်း ပြောင်းရွှေ့သင်ကြားပေးနိုင်တော့မည်ဟုလည်း သိရသည်။

မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း အိန္ဒိယနိုင်ငံအစိုးရက ၂ဝ၁၉ ခုနှစ်အတွင်းတွင် နေအိမ်အသစ်များ ဆောက်လုပ်လှူဒါန်းထားပြီဖြစ်သည်။

ဓာတ်ပုံ - ဦးစရဏ

----------------------------

Unicode:














ဓာတျပုံ - ဦးစရဏ

ဆက်စပ် သတင်းများ