သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တွင် A အဆင့်မီ ကျောင်း ၁၃ ကျောင်းတွင်သာ ပညာသင်ကြားနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 4.8k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၂၁ / ၂ဝ၂ဝ

COVID -19 ရောဂါကာကွယ်တားဆီးရေးအတွက် ရည်ရွယ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးချက်အရ ရခိုင်ပြည်နယ်တွင် A အဆင့်မီ အထက်တန်းကျောင်း ၁၃ ကျောင်းသာ ရှိသဖြင့် ၎င်းကျောင်းများတွင်သာ ယနေ့ စတင်ပညာသင်ကြားမှု ပြုလုပ်နိုင်ခဲ့သည်ဟု သိရှိရသည်။

ရခိုင်ပြည်နယ်မှ တစ်ခြားကျောင်းများမှာ A အဆင့် မမီသဖြင့် ကျောင်းများတွင် ပညာသင်ကြားခွင့် မရရှိသေးကြောင်း သတင်းရရှိသည်။

ယနေ့ ပညာသင်ကြားခွင့် ရရှိသောကျောင်းများမှာ ကျောက်တော်မြို့နယ်မှ ၃ ကျောင်း၊ မင်းပြားမြို့နယ်မှ ၁  ကျောင်း၊ မောင်တောမြို့နယ်မှ ၂ ကျောင်း၊ ဘူးသီးတောင်မြို့နယ်မှ ၃ ကျောင်း၊ ရမ်းဗြဲမြို့နယ်မှ ၂ ကျောင်း၊ အမ်းမြို့နယ်မှ ၁ ကျောင်းနှင့် တောင်ကုတ်မြို့နယ်မှ ၁ ကျောင်းတို့ဖြစ်ကြောင်း သိရှိရသည်။

COVID – 19 ရောဂါကာကွယ်တားဆီးရေးအတွက် စီစဉ်ဆောင်ရွက်ရာတွင် စာသင်ကျောင်းများကို A ၊ B ၊C အဆင့် ၃ ဆင့်ခွဲ၍ စစ်ဆေးပြီး အချက်များအားလုံးပြည့်စုံလျှင် A ၊တစ်ဝက်ခန့်ပြည့်စုံလျှင် B နှင့် စစ်ဆေးမှုများအရ ပြည့်စုံမှုအားနည်းသောကျောင်းများကို အဆင့် C စသည့်ဖြင့် သတ်မှတ်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အမည်မဖော်လိုသော ပညာရေးဝန်ထမ်းတစ်ဦးက “ စစ်ဆေးချက်ကတော့ အများကြီးဘဲ။ ဖတ်လို့တောင်ပြီးမှာ မဟုတ်ဘူး။ အချက်အလက်တွေချရေးထားတာတောင် စာရွက် ၆ ၊ ၇ ရွက်လောက်ပါတယ်။ သတ်မှတ်ထားတဲ့ အချက်တွေအားလုံးပြည့်စုံရင် A ၊ တစ်ဝက်လောက်ပြည့်စုံရင် B ၊ တစ်ဝက်လောက်လည်း မပြည့်စုံဘူးဆိုရင် C အဲလို့ သတ်မှတ်ထားတာ။ အားလုံး A ဖြစ်ပြီးမှ စာသင်ကြားရဖို့ ဖြစ်တယ်။” ဟု ပြောသည်။

စစ်ဆေးချက်များအရ A အဆင့်မှီကြောင်းကို သက်ဆိုင်ရာမြို့နယ်မှ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် NGO အဖွဲ့များမှ ထောက်ခံပေးမှသာလျှင် ပညာသင်ကြားခွင့်ရမည်ဖြစ်ကြောင်း သူကဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အထက်တန်းအဆင့်ကျောင်းပေါင်း ၄၄ဝ ရှိပြီး ၎င်းတို့ထဲမှ ယနေ့တွင်  A အဆင့်မီသော ကျောင်း၁၃ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသာ ပညာသင်ကြားခွင့် ရရှိခဲ့ကြောင်း၊ တစ်ခြားကျောင်းများကိုလည်း A အဆင့်မီပြီး ပညာသင်ကြားခွင့် ရရှိအောင် ပြင်ဆင်နေကြောင်း ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

အထက်တန်းအဆင့်ကျောင်းပေါင်း ၄၄ဝ ရှိသည့်အနက် ဒေသတည်ငြိမ်မှုမရှိသဖြင့် ပိတ်ထားခဲ့ရသော ကျောင်းပေါင်း ၁၁ ကျောင်းရှိကြောင်း ရခိုင်ပြည်နယ်၊ ပညာရေးမှူးရုံး၏ စာရင်းပြုစုချက်အရ သိရှိရသည်။ ၎င်းကျောင်းများမှာ ရသေ့တောင်မြို့နယ်မှ ၅ ကျောင်း၊ မြောက်ဦးမြို့နယ်မှ ၁ ကျောင်း၊ ကျောက်တော်မြို့နယ်မှ ၃ ကျောင်းနှင့် မောင်တောမြို့နယ်မှ ၂ ကျောင်းတို့ ဖြစ်ကြောင်းသိရှိရသည်။


ဆက်စပ် သတင်းများ