ရခိုင်ပြည်နယ်၏ ယခုနှစ်တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ၂၇ ဒဿမ၂၇ ရာခိုင်နှုန်းရှိ


အိမ်စိုးဖြူ

နိရဥ္စရာ၊ သြဂုတ် ၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၏ ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၂၇ ဒဿမ၂၇ ဖြစ်ပြီး (၅) နှစ်ကာလအတွင်း အမြင့်ဆုံးအောင်ချက်ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။ 

ရခိုင်တစ်ပြည်နယ်လုံး ၆ ဘာသာ ဂုဏ်ထူးရှင်ကျောင်းသား/ကျောင်းသူ ၂ဝ ရှိကြောင်း သိရသည်။ 

ယခုနစ် ၂ဝ၂ဝ ခုနစ်တွင် အောင်ချက်ရာခိုင်နှုန်း ၂၇ဒဿမ ၂၇ ရာခိုင်နှုန်းရှိကြောင်း၊ ယခင်နှစ် ၂ဝ၁၉ ခုနှစ်က အောင်ချက်ရာခိုင်နှုန်း ၂၃ဒဿမ ၉၇ ရာခိုင်နှုန်းရှိကြောင်း၊ ယခုနှစ် အောင်ချက် ရာခိုင်နှုန်းမှာ ယခင်နှစ်ကထက်  ၃ ဒဿမ ၃ ရာခိုင်နှုန်းထိတိုးလာကြောင်း မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၂ဝ၁၅ ခုနစ်တွင် ၂၃ ဒဿမ ၁၃၊ ၂ဝ၁၆ ခုနစ်တွင် ၂၁ ဒဿမ ၁၉၊ ၂ဝ၁၇ ခုနစ်တွင် ၁၇ ဒဿမ ၁၆၊ ၂ဝ၁၈ ခုနစ်တွင် ၂၁ ဒဿမ ၄၅ ၊ ၂ဝ၁၉ ခုနစ်တွင် ၂၃ ဒဿမ ၉၇ ရာခို်င်နှုန်းနှင့် ၂ဝ၂ဝ ခုနစ်နှစ်တွင် ၂၇ဒဿမ ၂၇ ရာခိုင်နှုန်းတို့ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းတွင် စစ်တွေမြို့မှ  ၆ ဘာသာ ဂုဏ်ထူး (၁ဝ) ထွက်ခဲ့ပြီး ယင်းအထဲမှ ၉ ဦးမှာ  စစ်တွေ အထက(၂)ကျောင်းမှ ဖြစ်ကြောင်း သိရသည်။

အထက (၂) ကျောင်းအုပ်ဆရာကြီး ဦးမောင်ကျော်ဇံက ရခိုင်ပြည်နယ်အောင်ချက်ရာခိုင်နှုန်းတိုးသည့်အတွက် ဝမ်းသာကြောင်းပြောသည်။

“ဝမ်းသာတာပေါ့ အောင်ချက်ရာခိုင်နှုန်းတိုးတယ်ဆိုတော့။ ကျွန်တော်တို့ကျောင်းကလည်း ခြောက်ဘာသာ ၉ ယောက်ပါတယ်။ ဒီလောက်အကျပ်အတည်း၊ အခက်အခဲကြားကာလ အခြေအနေမှာတောင် ကလေးတွေ ဒီလိုကြိုးစားနိုင်တာ ဂုဏ်ယူလို့မဆုံးဘူးဗျာ” ဟုပြောသည်။

ခရိုင်အလိုက် အောင်ချက်ရာခိုင်နူန်းမှာစစ်တွေခရိုင်မှ  စစ်တွေမြို့နယ် ၃ဝ ဒဿမ ၉၆၊ ပုဏ္ဏားကျွန်းမြို့နယ် ၂၈ ဒဿမ ၉၄၊ ပေါက်တောမြို့နယ် ၂၅ ဒဿမ ၇၄ နှင့် ရသေ့တောင်မြို့နယ် ၂၄ ဒဿမ ဝ၂ ရာနှုန်းတို့ဖြစ်သည်။

မြောက်ဦးခရိုင်တွင် မြောက်ဦးမြို့နယ် ၃ဝ ဒဿမ ၃၅၊ ကျောက်တော်မြို့နယ် ၂၂ ဒဿမ ၉၈၊ မင်းပြားမြို့နယ် ၃၆ ဒဿမ ဝ၉နှင့် မြေပုံမြို့နယ် ၂၅ ဒဿမ ၉၅ ရာနှုန်းတို့ဖြစ်သည်။

ကျောက်ဖြူခရိုင်တွင် ကျောက်ဖြူမြို့နယ် ၂၈ ဒဿမ ၆၉၊ အမ်းမြို့နယ် ၂၁ ဒဿမ ၅ဝ၊ ရမ်းဗြဲမြို့နယ် ၂၇ ဒဿမ ၆၁၊ မာန်အောင်မြို့နယ် ၃၁ ဒဿမ ၄၆ ရာနှုန်းတို့ ဖြစ်ကြသည်။

သံတွဲခရိုင်တွင် သံတွဲမြို့နယ် ၂၈ ဒဿမ ၄၃၊ ဂွမြို့နယ်၃၅ ဒဿမ ၄၉နှင့် တောင်ကုတ်မြို့နယ် ၃ဝ ဒဿမ ၅ဝ ရာနှုန်းတို့ ဖြစ်ကြသည်။ 

မောင်တောခရိုင်တွင် မောင်တောမြို့နယ် ၁၄.၂၃ ရာနှုန်းနှင့် ဘူးသီးတောင်မြို့နယ် ၁၆ ဒဿမ ၃၇ ရာနှုန်းဖြစ်ကြောင်း သိရသည်။ 


Share: