သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တိုင်းရင်းသားဘာသာ သင်ကြားနေကြသော ဆရာ၊ ဆရာမများ၏ အခွင့်အရေးများ ဆုံးရှုံးနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 335

ဇော်ဝင်းဌေး( ငခူချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၂ / ၂၀၂၁

တိုင်းရင်းသားဘာသာကို သင်ကြားနေကြသော ဆရာ၊ ဆရာမများ၏ အခွင့်အရေးများ ဆုံးရှုံးနေသည်ဟု တိုင်းရင်းသားဘာသာသင်ဆရာ၊ ဆရာမများနှင့် ၎င်းတို့၏ အခွင့်အရေးများ ကိုလှုပ်ရှားနေကြသော အဖွဲ့များထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဆားပြင်(အ.ထ.က ခွဲ)မှ တိုင်းရင်းသားစာပေသင်ဆရာမ မဦးခင်ဌေးက နွေရာသီကျောင်းပိတ်ရက်နှင့် အခြားသောပိတ်ရက်များတွင် အခကြေးငွေများခံစားခွင့်မရှိခြင်း၊ ခွင့်ပိတ်ရက်များမရရှိခြင်း(မွေးဖွားခွင့်၊ ဆေးခွင့်များ) နှင့် အခြားသောအခွင့်အရေးများ ဆုံးရှုံးနေသည်ဟု နိရဥ္စရာသို့ပြောသည်။

“ ရခိုင်မှာဆိုရင် ရခိုင်ဘာသာကိုသင်ကြရတယ်၊ မွန်မှာဆိုရင် မွန်ဘာသာကို သင်ကြရတယ်၊ ချင်းမှာဆိုရင် ချင်းဘာသာစကားကို သင်ကြရတယ်။ နောက်ပြီးတော့ တိုင်းရင်းသားဘာသာသင်တာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကဆိုရင် ရခိုင်သမိုင်းမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိခွင့်မရခဲ့ဘူး။ ခုဆိုရင် ကိုယ့်ယဉ်ကျေးမှုအကြောင်း၊ ကိုယ့်ရိုးရာဓလေ့အကြောင်းတွေကို သိခွင့်၊ သင်ကြားခွင့် ရကြတယ်။ ဒါကြောင့် တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမတွေကို အမြဲတမ်းဝန်ထမ်း အဖြစ်ခံအပ်စေချင်ပါတယ်” ဟုပြောသည်။

တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမူ၊ ရိုးရာ ဓလေ့ထုံးတမ်းများ မပျောက်ပျက်စေရန် သင်ကြားပေးနေသော ဆရာ၊ ဆရာမများကိုလည်း အမြဲတန်းဝန်ထမ်းများအတိုင်း အခွင့်အရေးများ ပေးသင့်သည်ဟုလည်း တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများ၏ အခွင့်အရေးအတွက် လှုပ်ရှားနေကြသော အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ဗဟိုကော်မတီဝင် ဦးမင်းမင်းထွဋ်က နိရဥ္စရာသို့ ပြောသည်။

“ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဘာသာတွေကို သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ ရှိကြတယ်။ ၉ တန်းအောင်တွေ၊ ၁၀ တန်းအောင်တွေ၊ ဘွဲ့ရတွေပါတယ်။ အဲဒီ ဆရာ၊ ဆရာမတွေက လုပ်အားနဲ့ ညီမျှတဲ့ လုပ်ခလစာမရတာ၊ အလုပ်ပိတ်ရက်နဲ့ ရုံးပိတ်ရက်တွေမှာ လုပ်ခလစာ ခံစားခွင့် မရှိတာတွေ ရှိတယ်။ ပညာရေးဝန်ကြီးဌာနမှာ ရှိတဲ့ လက်ရှိအမြဲတမ်းဝန်ထမ်းအဖြစ် သင်ကြားရေး တာဝန်ယူထားတဲ့ သူတွေကျတော့ နွေရာသီကျောင်းပိတ်ရက်မှာ လုပ်ခလစာရတယ်။ တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ၊ ဆရာမတွေကိုလည်း အခွင့်အရေးများပေးသင့်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည့်အတွက် တိုင်းရင်းများ၏ စာပေ၊ ယဉ်ကျေးမှုများ မပျောက်ပျက်စေရန်အတွက် ထိန်းသိမ်းရာတွင် တိုင်းရင်းစာပေသင်ကြားရေးပေါ်မှာ မူတည်နေပြီး ဖက်ဒရယ်စနစ်ကိုတည်ဆောက်သောအခါ အခွင့်အရေးပြည့်ပြည့်ဝဝ ရရှိရေးတို့အတွက် တိုင်းရင်းသာဘာသင်ကြားရေးသည်လည်း တစိတ်တဒေသအဖြစ် အရေးပါနေသည်ဟု ဦးမင်းမင်းထွဋ်က ဆက်ပြောသည်။

တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများ၏ အကျိုးခံစားခွင့် ဆုံးရှုံးနေမှုနှင့်ပတ်သက်၍ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့သည် ဇန်နဝါရီ ၈ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ကာ နိုင်ငံတော်အတိုင်ပင်ခံရုံးအပါအဝင် အလုပ်သမားလူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် ညွှန်ကြားရေးမှူးချုပ် အဆင်မြင့်ပညာ ဦးစီးဌာနများအပြင် အခြားသော သက်ဆိုင်ရာဌာနများသို့ စာပို့တောင်းဆိုခဲ့သည်ဟု သိရသည်။

အဆိုပါစာတွင် လစာဖြင့်မဟုတ်ဘဲ နေ့စားခဖြင့် လုပ်ကိုင်နေကြရသော လူငယ်များအပေါ် လုပ်ခငွေကြေးနှင့် လုပ်အားခေါင်းပုံဖြတ်သကဲ့သို့ ဖြစ်နေမူမူကို ရှက်ရွိ့့ဖွယ် လုပ်ရပ်တစ်ခုအဖြစ် ရူမြင်ပြီး အမြန်ဆုံးပပျောက်အောင် စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် ဒီမိုကရေစီအစိုးရ၏ ဂုဏ်သိက္ခာကို မြင့်တင်ပေးရန် တိုက်တွန်းတင်ပြအပ်သည်ဟု ပါရှိသည်။

ဆက်စပ် သတင်းများ