ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ကျောင်းပြန်ဖွင့်သည့်နေ့၌ ကျောင်းသား၊ ကျောင်းသူ ၅၇ ရာခိုင်နှုန်းကျော် ကျောင်းတက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂/ ၂ဝ၂၁
ရခိုင်ပြည်နယ်တွင် ယမန်နေ့ ကျောင်းပြန်ဖွင့်သည့် တစ်ရက်တည်းတွင် ကျောင်းသား၊ ကျောင်းသူ ၅၇ ရာခိုင်နှုန်းကျော် ကျောင်းတက်ခဲ့ကြောင်း သိရသည်။
တစ်ပြည်နယ်လုံး ကျောင်းသားဦးရေ ၅ဝ၁,၉၀၅ ဦးရှိသည့်အနက် ယမန်နေ့ နိုဝင်ဘာ ၁ ရက်တွင် ကျောင်းပြန်ဖွင့်သည့်တစ်ရက်တည်း၌ ၃၁၉,၀၅၃ ဦးကျောင်းတက်ခဲ့သဖြင့် ရာခိ်ုင်နှုန်းအားဖြင့် ၅၇ ဒဿမ ၃၁ ရာခိုင်နှုန်းခန့် ကျောင်းတက်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာထွန်းထွန်းသိန်းက နိရဥ္စရာသတင်းဌာနအား ပြောသည်။
“ကျောင်းဝင်ထားပြီး မရောက်တဲ့ကလေးတွေက ကျောင်းစဖွင့်တဲ့ရက်မလို့ မရောက်တာလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ယနေ့ နိုဝင်ဘာ ၂ ရက် ကေျာင်းတက်ရာခိုင်နှုန်းကိုမူ လောလောဆယ်မသိရသေးဟု ဆိုသည်။
ကျောက်ဖြူမြို့နယ် ပညာရေးမှူး ဒေါ်နုနုသာကလည်း ယမန်နေ့တွင် ကျောက်ဖြူမြို့နယ်တစ်ခုလုံး၌ ၂၅၅ ကျောင်းဖွင့်ပြီး ဆရာ၊ ဆရာမ ၉၇ ရာခိုင်နှုန်းကျောင်းတက်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူ ၉၂ ရာခိုုင်နှုန်းခန့်ကျောင်းတက်သဖြင့် အားလုံးနီးပါး တက်ရောက်မှုရှိကြောင်း ပြောသည်။
ကိုဗစ်ကြောင့် ၃ လခန့်အကြာပိတ်ထားခဲ့ရသည့် ရခိုင်အပါအဝင် နိုင်ငံတဝန်းရှိ စာသင်ကျောင်းများကို ယမန်နေ့ နိုဝင်ဘာလ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
တိုင်းနှင့်ပြည်နယ် ၉ ခုမှ မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်းများအား ယာယီပိတ်ထားရဆဲဖြစ်ပြီး ယင်းအထဲတွင် ရခိုင်မှ ဂွမြို့နယ်ရှိ စာသင်ကျောင်းများလည်း ပါဝင်နေသေးသည်ဟု သိရသည်။
ဂွမြို့နယ်တွင် ကိုဗစ်ကူးစက်မှုနှင့် ဒေသန္တရအမိန့် ရှိနေသေးသောကြောင့် အခြေခံပညာကျောင်းများကို ပြန်မဖွင့်နိုင်သေးခြင်းဖြစ်သည်ဟု မြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင်က နိရဥ္စရာကို ပြောထားသည်။
ဂွမြို့နယ်တွင် နိုဝင်ဘာလ ၂ ရက်အထိ ကိုဗစ်ပိုးတွေ့သူဦးရေ ၁,၁၁၂ ဦးရှိပြီး သေဆုံးသူ ၃၆ ဦးအထိရှိနေသည်ဟု ပြည်နယ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ