အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်လူငယ်များ စကားပြောစွမ်းရည်ပြိုင်ပွဲ သြဂုတ် ၁၄ ရက်တွင်ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.7k

နိရဥ္စရာ၊ ဇူလိုင် ၄ / ၂၀၂၂
ဒုတိယအကြိမ် ရခိုင်လူငယ်များ စကားပြောစွမ်းရည်ပြိုင်ပွဲကို လာမည့် သြဂုတ်လ ၁၄ ရက်တွင် ကျင်းပမည်ဟု သိရသည်။
ထိုစကားပြောပြိုင်ပွဲတွင် ဘာသာရေးအကြောင်း၊ သမိုင်းအကြောင်းများနှင့် ခေတ်ပညာ/နည်းပညာ အကြောင်းများကို ပြောဆိုရမည်ဟု သိရသည်။
ဘာသာရေးကဏ္ဍတွင် ကျင့်စဉ်ပါရမီဆယ်ပါး၊ လမ်းစဉ်သုံးရပ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမိုင်းကဏ္ဍတွင် ရခိုင်လူငယ်နှင့် ရခိုင်သမိုင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခေတ်ပညာ/နည်းပညာကဏ္ဍတွင် ရခိုင်လူငယ်နှင့် နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ဇူလိုင်လ ရ ရက်နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ပြီး ပြိုင်ပွဲဝင်ဦးရေ အနည်းအများအပေါ်မူတည်၍ ကျင်းပမည့်နေရာကို ရွေးချယ်သတ်မှတ်သွားမည်ဟုလည်း သိရသည်။
ပြိုင်ပွဲဖြစ်မြောက်ရေးဦးဆောင်ဆရာတော် ဦးစန္ဒဝရက "ရခိုင်လူငယ်များစကားပြောစွမ်းရည်ပြိုင်ပွဲပြိုင်လိုက်ခြင်းအားဖြင့် ရခိုင်လူငယ်တွေ စာပေဗဟုသုတများများ ဖတ်ဖြစ်လာအောင် စေတနာနဲ့ပေါ့။ ဥပမာပြောရရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသောစကားလုံးများကဲ့သို့ ဘာသာရေးစကားလုံးများကို ထဲထဲဝင်ဝင် ပိုလို့သိရှိလာအောင်၊ ဆုမရဖြစ်ခဲ့တဲ့လူငယ်တွေကလည်း ဗဟုသုတအသိပညာများတိုးပွားကျန်ခဲ့တယ်လို့လည်း ကြားရတယ်”ဟု မိန့်သည်။
ယှဉ်ပြိုင်လိုသည့်လူငယ်များအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် အသက် ၂၃ နှစ်အောက်လူငယ်များသာ ဝင်ရောက်ယဉ်ပြိုင်နိုင်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၄ သိန်း၊ တတိယဆု ကျပ် ၃ သိန်းအပြင် ဇွဲဆုများနှင့် တက္ကသိုလ်ပညာသင်ဆုနှင့် ရခိုင်ပြည်လေ့လာရေးခရီးစဉ်များကိုလည်း ချီးမြှင့်ပေးသွားမည်ဟု သိရသည်။
ဆရာတော် ဦးစန္ဒဝရက "တက္ကသိုလ်ဝင်တန်းအောင်ပြီး ကျောင်းဆက်မတက်နိုင်ဘဲ ဆင်းရဲတဲ့ လူငယ်တွေမှာလည်း ဒီပြိုင်ပွဲမြင်ပြီးတော့ ဝင်ရောက်ယဉ်ပြိုင်ဖြစ်ခဲ့ရင် ပြိုင်ပွဲက ပထမ၊ ဒုတိယ၊ တတိယဆုများအပြင် နှစ်သိမ့်ဆုများကိုရရှိနိုင်ပြီး ဆန်ကာတင် ၁ဝ ယောက်ထဲပါရင် ပညာသင်ဆုများ ထောက်ပံ့ပေးတယ်"ဟု ဆက်မိန့်သည်။
လျှောက်လွှာများကို ကျောက်တော်မြို့ရှိ Noble ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ထုတ်ယူလျှောက်ထားနိုင်ပြီဟုလည်း သိရသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလကလည်း ရခိုင်လူငယ်များစကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပခဲ့ပြီး လူဦးရေ ၆၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ဟုလည်း သိရသည်။ (NN-13)
ဓာတ်ပုံ - ယခင်နှစ်က ပုံများ။

ဆက်စပ် သတင်းများ