သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်တွင်ဆောက်လုပ်နေသည့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း လာမည့်နှစ်တွင် အပြီးတည်ဆောက်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.2k

သန္တာကျော်ဇော
နိရဥ္စရာ၊ စက်တင်ဘာ ၂၉/၂၀၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်တည်ဆောက်နေသည့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကို လာမည့်နှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကို တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံအနီး ထာဝရအောင်မြေမြို့သစ်ရှိ မြေ ၄၈ ဧကတွင် ယခုနှစ် မေလမှစတင်တည်ဆောက်နေခြင်းဖြစ်သည်။
လက်ရှိတွင် ၂၅ ရာခိုင်နှုန်းအထိ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး လာမည့်နှစ်တွင် အပြီးတည်ဆောက်သွားမည်ဟု ကျောင်းမြေနေရာလှူဒါန်းထားသည့် ထာဝရအောင်မြေအများပိုင်ကုမ္ပဏီ၏ဥက္ကဋ္ဌ ဦးကျောက်တောင်က နိရဥ္စရာကိုပြောသည်။
ရခိုင်ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းများတွင်လုပ်ကိုင်ရန်အင်ဂျင်နီယာများ ရှားပါးသောကြောင့် ယခုကျောင်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး ကိုယ့်ပြည်မှ လူငယ်များကိုလည်း ယခုကျောင်းမှနေ၍ အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်မည်ဟုလည်း ဆိုသည်။
"ကျနော်တို့ရခိုင်ပြည်နယ်က ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အင်ဂျင်နီယာကအရမ်းရှားတယ်။ ဒီမှာခဏလေးလုပ်လိုက်၊ နေရာကောင်းရရင် ပြည်မဖက်ကိုရောက်သွားကြတာများတော့ ဒီဘက်မှာလုပ်မဲ့သူမရှိဘူးဖြစ်နေတယ်။ အဲဒါကြောင့် ဒီကျောင်းကိုတော့ အများကြီးမျှော်လင့်တယ်ပေါ့နော်။ ကျနော်တို့မှာ အင်ဂျင်နီယာတွေလည်း အများကြီးလိုတော့ ဒီကျောင်းကပြီးတဲ့ကလေးတွေကိုလည်း အလုပ်တွေအများကြီးခေါ်သွားဖို့ရှိတယ်။ ဒီလိုကျောင်းတွေကို နောက်ထပ် ရခိုင်ပြည်အနှံ့မှာလည်း ဖွင့်သွားနိုင်ရင်ကောင်းမယ်။ ကိုယ်တို့ရခိုင်လူငယ်တွေက ဒီလိုမျိုးအတတ်ပညာတွေကို တတ်ထားဖို့လိုမယ်။"ဟု ပြောသည်။
အဆိုပါကျောင်းကို အစိုးရ၏ဘတ်ဂျက်ငွေဖြင့် ဆောက်လုပ်နေခြင်းဖြစ်ပြီး ကုန်ကျမည့်ဘတ်ဂျက်ကို မသိရှိဟု ဦးကျောက်တောင်က ပြောသည်။
"ပထမ ၂၀၁၈ တုန်းကပေါ့နော်။ ပညာရေးဝန်ကြီး ဦးမျိုးသိမ်းကြီးရောက်လာပြီး စက်မှုလက်မှုအထက်တန်းကျောင်းဖွင့်ချင်လို့ မြေဧကနည်းနည်း လှူပေးဖို့ပြောတယ်။ နောက်တော့ GTI ဖွင့်မယ်ဆိုပြီး ဧက ၅၀ လောက်လိုတယ်လို့ဆိုတော့ လှူပေးလိုက်တယ်။ အဲဒါကို အစိုးရတွေက တစ်ယောက်တဆင့်နေရာတွေပြောင်း၊ မြို့တွေပြောင်းပြီး ကျောင်းကို အခုမှပဲ ဒီနေရာမှပြန်ပြီး လာဆောက်တာပေါ့နော်။"ဟု ပြောသည်။
ကျောင်းအဆောက်အဦမှာ သုံးထပ်ဆောင်အဆောက်အဦဖြစ်ပြီး အခြား အဆောက်အအုံများကိုလည်း တိုးချဲ့ဆောက်လုပ်သွားမည့်အစီအစဉ်လည်းရှိကြောင်း သိရသည်။
စက်မှုလက်မှုသိပ္ပံကျောင်းများတွင် စက်မှုလက်မှုအထက်တန်းကျောင်းမှ အောင်မြင်ပြီးသူများနှင့် အခြေခံပညာအထက်တန်းအောင်သူများလည်း တက်ရောက်နိုင်ပြီး အထူးပြုဘာသာရပ်များအနေဖြင့် Civil၊ Electrical Power ၊ Mechanical Power နှင့် IT စသည့်ဘာသာရပ်များကိုလည်း တက်ရောက်သင်ကြားနိုင်ကြောင်း သိရသည်။ ကျောင်းတက်ကာလ သုံးနှစ် အောင်မြင်ပြီးစီးပါက ဒီပလိုမာဘွဲ့ကိုပေးအပ်ကြောင်းလည်း သိရသည်။
ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သူ အင်ဂျင်နီယာ ကိုဖြူသီးကလည်း "အခုလိုနည်းပညာတွေကို ကိုယ့်ဒေသမှာ စရိတ်စကကုန်ကျမှုနည်းပြီး ပြည်မအထိသွားစရာမလိုဘဲ သင်ကြားခွင့်ရတာက အားသာချက်တွေ အများကြီးရှိတယ်။ အရင်တုန်းကဆိုရင် ရန်ကုန်တို့၊ ပြည်တို့အထိ သွားတက်ခဲ့ရတယ်။ အခုလိုကိုယ့်ဒေသမှာ တစ်ကျောင်းပြီးတစ်ကျောင်းပေါ်လာတော့လည်း ပိုကောင်းတယ်ပေါ့နော်။ ရခိုင်မှာ လူသားအရင်းအမြစ်အနေနဲ့လည်း အခုလိုစက်မှုလက်မှုပညာတတ်တဲ့ သူတွေအများကြီးရှိလာသင့်တယ်။"ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် ယခုအချိန်ထိ သံတွဲအစိုးရစက်မှူလက်မှုသိပ္ပံကျောင်းနှင့် ကျောက်ဖြူအစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (၂)ခုသာရှိနေပြီး တောင်ကုတ်အစိုးရစက်မှုလက်မှုသိပ္ပံသာဖွင့်လှစ်နိုင်လျှင် စုစုပေါင်း (၃)ကျောင်းရှိသွားမည်ဖြစ်သည်။

ဆက်စပ် သတင်းများ