ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်ပြည်လုံးဆိုင်ရာလူငယ်များ အရည်အချင်းမြှင့်စကားပြောစွမ်းရည်ပြိုင်ပွဲ ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၃ဝ/၂၀၂၁
ရခိုင်ပြည်လုံးဆိုင်ရာလူငယ်များ အရည်အချင်းမြှင့်စကားပြောစွမ်းရည်ပြိုင်ပွဲတစ်ခုကို မနက်ဖြန်စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါပြိုင်ပွဲကို Arakan Youth & Future (ရခိုင့်လူငယ်များနှင့်အနာဂတ်)အသင်းကဦးဆောင်ကာ မနက်ဖြန် အောက်တိုဘာ ၁ ရက်မှစတင်ကာ ၃၁ ရက်အထိ online စနစ်ဖြင့်ကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။
"ဦးဇင်းက အဓိကလူငယ်တွေကိုတိုးတက်စေဖို့ သူတို့အနာဂတ်နဲ့ဘာသာသာသနာအတွက် အသိဗဟုသုတတွေရစေချင်တယ်"ဟု Arakan Youth & Future (ရခိုင့်လူငယ်များနှင့်အနာဂတ်) အသင်းအဖွဲ့ဝင် ဦးပညာလင်္ကာရက နိရဥ္စရာကို မိန့်သည်။
အဆိုပါပြိုင်ပွဲတွင် ပထမအဆင့်ပြိုင်ခွင့်ရသူအားလုံး ယှဉ်ပြိုင်ရမည့်ခေါင်းစဉ်မှာ “ဗြဟ္မစိုရ်နှလုံးသားနှင့် အများကောင်းကျိုး” ဖြစ်ပြီး ဒုတိယအဆင့် ရွေးချယ်ခံ(၁ဝ)ဦးယှဉ်ပြိုင်ရမည့်ခေါင်းစဉ်မှာ “အလယ်အလတ်လမ်းစဉ်နှင့် လူသားတို့ဖွံ့ဖြိုးတိုးတက်မှု၊ ပျော်ရွှင်ငြိမ်းချမ်းမှု” ဖြစ်ကြောင်း ဦးပညာလင်္ကာရက မိန့်သည်။
"ခေါင်းစဉ်ကနှစ်ခု ခွဲပေးထားပါတယ်။ ဦးဇင်းတို့ပေးတဲ့ခေါင်းစဉ်နဲ့ယှဉ်ပြိုင်ရမှာပါ။ လူငယ်တွေအနေနဲ့ စိတ်မှာသိမ်ငယ်တာတို့၊ တွန့်တိုတာတို့မဖြစ်ဘဲ ကြိုးစားပြီး ရှေ့ကိုတက်လာပြီး ပြိုင်စေချင်တယ်။ ဘဝတိုးတက်မှုအတွက် လမ်းစဉ်တွေရမယ်။ ကြိုးစားပြီးယှဉ်ပြိုင်ကြပါ"ဟု မိန့်သည်။
ယှဉ်ပြိုင်သူများအနေဖြင့် ဗြဟ္မစိုရ်တရားကို လက်တွေ့ကျင့်သုံးနည်းကို စံပြုလောက်စရာ သာဓကတစ်ခုဖြင့်ချပြရမည်ဖြစ်ပြီး ကျင့်သုံးဖွယ်ရာ အထွေထွေဗဟုသုတများပါဝင်ရမည်ဖြစ်ကာ ခေါင်းစဉ်နှင့်ဆက်စပ်၍ မှတ်သားလောက်စရာ ကိုယ်ပိုင်အတွေးအမြင်တစ်ခု ချပြရမည်ဟုလည်း သတ်မှတ်ထားသည်။
ယှဉ်ပြိုင်လိုသူများအနေဖြင့် အသက် ၂၃ နှစ်အောက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်အတွင်းနေထိုင်သော ရခိုင်လူငယ်များဖြစ်ရမည်ဖြစ်ကာ မိမိပတ်ဝန်းကျင်၊ သာသနာနှင့် လူသားကောင်းကျိုးများကို ဆောင်ရွက်လိုစိတ်ရှိသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူများထဲမှ ဆန်ကာတင် ၁၀ ဦးကို ရွေးချယ်မည်ဖြစ်ကာ ယင်း ၁၀ ဦးထဲမှ ၃ ဦးကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုတို့အား ပေးအပ်မည်ဖြစ်ပြီး ကျန် ၇ ဦးကို နှစ်သိမ့်ဆုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် (၄)သိန်း၊ တတိယဆု ကျပ် (၃)သိန်းနှင့် နှစ်သိမ့်ဆု ၇ ဆုအတွက် ကျပ် ၁ သိန်းစီနှင့် တက္ကသိုလ်ပညာသင်ဆုတို့ကို ချီးမြှင့်မည်ဟုလည်း သိရသည်။
ဆုရရှိသူများအထဲမှ ပညာကြိုးစားလိုစိတ်ရှိသူ၊ အနာဂတ်အတွက် ကောင်းကျိုးပြုနိုင်မည့်သူ၊ ဘာသာရေး၊ လူမှုရေးစသည့် ကဏ္ဍပေါင်းစုံတွင်ပါဝင်နိုင်မည့်သူကို တက္ကသိုလ်ပညာသင်ဆုချီးမြှင့်နိုင်ရန် စီစဉ်ပေးသွားမည်ဟုလည်း သိရသည်။
ယှဉ်ပြိုင်လိုသူများအနေဖြင့် Arakan Youth & Future facebook စာမျက်နှာနှင့် ဖုန်း ၀၉ ၄၅၀ ၈၆၆ ၂၂၄၊ ၀၉ ၇၈၂ ၄၆၇ ၈၂၉၊ ၀၉ ၆၈၀ ၀၅၀ ၃၃၈၊ +၀၅ ၅၉၅ ၀၅၂ ၀၀၅ တို့ထံ ဆက်သွယ်စာရင်းပေးသွင်းနိုင်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ