ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် မကြာမီ ကျောင်းများပြန်ဖွင့်နိုင်ရန် အဘက်ဘက်မှ ကြိုးစားနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.8k

သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၂ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်ကူးစက်မှုနှင့် ဒေသန္တရအမိန့်ရှိနေသေး၍ ကျောင်းများကို ပြန်မဖွင့်နိုင်သေးခြင်းဖြစ်ပြီး မကြာမီ ကျောင်းများ ပြန်ဖွင့်နိုင်ရန် အဘက်ဘက်မှ ကြိုးစားနေသည်ဟု မြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင်က နိရဥ္စရာကို ပြောသည်။
“ကိုဗစ်ကူးစက်နေသေးတဲ့လူတွေရှိတဲ့အတွက်ကြောင့် မဖွင့်နိုင်သေးဘူး။ ဖွင့်နိုင်အောင်လည်း အဘက်ဘက်က ကြိုးစားနေကြပါတယ်”ဟု ပြောသည်။
ကိုဗစ်ကြောင့် ၃ လခန့်အကြာပိတ်ထားခဲ့ရသည့် ရခိုင်အပါအဝင် နိုင်ငံတဝန်းရှိ စာသင်ကျောင်းများကို ယမန်နေ့ နိုဝင်ဘာလ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။
တိုင်းနှင့်ပြည်နယ် ၉ ခုမှ မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်းများအား ယာယီပိတ်ထားရဆဲဖြစ်ပြီး ယင်းအထဲတွင် ရခိုင်မှ ဂွမြို့နယ်ရှိ စာသင်ကျောင်းများလည်း ပါဝင်သွားခြင်းဖြစ်သည်။
ကိုဗစ်ကြောင့် ကျောင်းပိတ်ထားချိန်မှာ အချိန်ကြာမြင့်နေပြီဖြစ်သောကြောင့် ကလေးများအတွက် ပညာရေး နစ်နာမှုရှိနေသည်ဟု ဂွမြို့နယ် မကျည်းငူကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးမင်းမင်းက ပြောသည်။
“ပညာရေးမှာတော့ နောက်ကျတာပေါ့။ ဘာပဲပြောပြောနစ်နာတာပေါ့။ ကိုဗစ်ကြောင့် ပိတ်ထားရတာဆိုတော့”ဟု ပြောသည်။
ဂွမြို့နယ်သည် ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုအများဆုံးမြို့နယ်ဖြစ်ခဲ့သည့်အတွက် နံနက် ၅ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ အပြင်ထွက်ကြရန် သြဂုတ် ၂၅ ရက်မှစတင်ကာ ဒေသန္တရအမိန့်ကို ထုတ်ပြန်ခံခဲ့ရသည်။
ယင်းနောက် ထုတ်ပြန်ထားသည့်ဒေသန္တရအမိန့်ကို စက်တင်ဘာလ ၂၉ ရက်တွင် နံနက် ၄ နာရီမှ ညနေ ၂ နာရီအထိသာ အပြင်ထွက်ကြရန် အချိန်လျှော့ပေါ့၍ ထုတ်ပြန်ခဲ့သည်။
ဂွမြို့နယ်တွင် လက်ရှိ နိုဝင်ဘာလ ၂ ရက်အထိ ကိုဗစ်ပိုးတွေ့သူဦးရေ ၁,၁၁၂ ဦးရှိပြီး သေဆုံးသူ ၃၆ ဦးအထိရှိကြောင်း ပြည်နယ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ