သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေရှိ ကမန်အထက်တန်းကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ခွင့်မရကြသေးဘဲ ခွဲခြားဆက်ဆံခံနေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 9.6k

နိရဥ္စရာ၊ ဇွန် ၁၃/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သာယာကုန်းကျေးရွာရှိ ကမန်လူမျိုးအထက်တန်းကျောင်းသား၊ ကျောင်းသူများသည် ရွာရှိ အခြေခံပညာအထက(ခွဲ)ကျောင်းတွင် ယခုအချိန်ထိ ကျောင်းတက်ခွင့်မရသေးဘဲ ခွဲခြားဆက်ဆံခံနေရသည်ဟု ကမန်ကျောင်းသားမိဘများက ပြောသည်။
ရခိုင်အပါအဝင် တစ်နိုင်ငံလုံးတွင် အခြေခံပညာရေးကျောင်းများကို ဇွန်လ ၂ ရက်မှစတင်ဖွင့်လှစ်နေသော်လည်း သာယာကုန်းကျေးရွာရှိ အထက(ခွဲ)ကျောင်းကိုပိတ်ထား၍ ယင်းကျောင်းတွင်တက်ရောက်ရမည့် ကမန်အထက်တန်းကျောင်းသူ၊ ကျောင်းသားများသည် ယနေ့ ဇွန်လ ၁၃ ရက်အထိ ကျောင်းလည်း အပ်နှံ၍မရသေးသလို ကျောင်းတက်ခွင့်လည်းမရကြသေးဟု ကျောင်းသားမိဘများနှင့် ရွာသားများက ပြောသည်။
ကျောင်းသားမိဘတစ်ဦးက “နိုင်ငံပေါင်းစုံက ကလေးတွေကျောင်းတက်နေရပြီး ကိုယ့်ကလေးတွေက ခုချိန်ထိ ကျောင်းမတက်ရတော့ စိတ်ပူတယ်။ သူငယ်တန်းကနေ ကျောင်းတက်လာပြီး ခု ၁၁ တန်းရောက်မှ တက်ခွင့်မရဘူးဆိုတော့ ကျောင်းတက်ခွင့်ရစေချင်တယ်။ အခုက တက်ရဖို့နေနေသာသာ ကျောင်းအပ်တောင်လက်မခံကြဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကလေးတွေကို ကျောင်းတက်ခွင့်ရစေချင်တယ်”ဟု ပြောသည်။
ကျောင်းတက်ခွင့်မရသေးသည့်ကျောင်းသား၊ ကျောင်းသူများမှာ သာယာကုန်းကျေးရွာအပါအဝင် စစ်တွေမြို့နယ်ရှိ သက်ကယ်ပြင်နှင့် သင်္ဂနက်စသည့် ကမန်ကျေးရွာသုံးရွာမှ စနစ်သစ်ဘာသာရပ်များကိုသင်ယူမည့် ၁၀ တန်းနှင့် ၁၁ တန်းကျောင်းသား၊ ကျောင်းသူ ၄၇ ဦးတို့ဖြစ်သည်ဟု သိရသည်။
၁၁ တန်းကျောင်းသူ မနှင်းဝတ်ရည်က “ကျောင်းကတော့ တခြားကျုရှင်ဝိုင်းတွေမှာ တစ်ပတ်လောက် တက်ပြီးပြီ။ စနစ်သစ်မို့ စာတွေက ခက်တယ်။ အဲ့လိုတစ်ပတ်လောက် တက်နေဆဲမှာ ကျူရှင်ဝိုင်းက ဆရာတွေက ညိီမတို့ကို ကျောင်းထုတ်လိုက်တယ်။ ဘာလို့ကျောင်းထုတ်တာလဲဆိုတော့ ပညာရေးဌာနက ကျောင်းတက်ခွင့်မပေးလို့တဲ့”ဟု ပြောသည်။
ရွာရှိ စာသင်ကျောင်းပိတ်ထား၍ စစ်တပ်ဝင်းထဲရှိ အထက (၆)ကျောင်းနှင့် အလက(၉)ကျောင်းများ၌ ကျောင်းသွားအပ်လျှင်လည်း အလယ်တန်းကျောင်းသားများကိုသာ အလက(၉)ကျောင်းက ကျောင်းအပ်လက်ခံပြီး အထက်တန်းကျောင်းသားများကို ကျောင်းအပ်လက်ခံခြင်းမရှိဟု ဆိုကြသည်။
သာယာကုန်းကျေးရွာမှ ကမန်ရပ်မိရပ်ဖ ဦးမောင်နီသာက “ဘယ်နိုင်ငံမှာမဆို ပညာရေးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်။ အခွင့်အရေးပေးရင် တန်းတူပေးရမယ်။ ဒီနေ့ ဘယ်လူမျိုးက အဆင်ပြေပြီး ဘယ်လူမျိုးက အဆင်မပြေမှုတွေမဖြစ်ရဘူး။ အခု တခြားတိုင်းရင်းသားကလေးတွေစာသင်နေရပြီး ကျွန်တော်တို့ ကမန်တိုင်းရင်းသားကလေးတွေ စာမသင်ရတာဟာ ကျွန်တော်တို့ကိုခွဲခြားတာပဲ”ဟု ပြောသည်၊၊
သာယာကုန်းကျေးရွာရှိ အထက(ခွဲ)ကျောင်းကို ယခင်နှစ်များက ဖွင့်လှစ်ကာ ကျောင်းတက်ခွင့်ရခဲ့ကြသော်လည်း ယခုနှစ်တွင် မြို့နယ်ပညာရေးမှူးက ယင်းကျောင်းသည် တရားဝင်ကျောင်းမဟုတ်ဟုဆိုကာ ကျောင်းအပ်လက်မခံခိုင်းသည့်အတွက် ပိတ်ထားရခြင်းဖြစ်သည်ဟု အဆိုပါကျောင်းမှ ဆရာမဒေါ်ညိုညိုအေးက ပြောသည်။
“အမှန်တော့ ဒီကျောင်းက တရားဝင်ကျောင်းပါ။ ကမန်တိုင်းရင်းသားတွေကျောင်းတက်ဖို့အတွက်ဆိုပြီး ဝန်ကြီးချုပ်ကိုယ်တိုင် ပြည်နယ်မှူးတွေပါလာပြီး ၂၀၁၈ ခုနှစ်ကတည်းက အလယ်တန်းနဲ့အထက်တန်းကျောင်း နှစ်ကျောင်းဆောက်ပေးထားတာကို ဒီနှစ်မှ တရားမဝင်တဲ့ကျောင်းဆိုပြီး မြို့နယ်ပညာရေးမှူးက ကျောင်းလုံးဝမဖွင့်ရဘူးလို့ပြောတယ်”ဟု ပြောသည်။
သာယာကုန်းကမန်ကျေးရွာမှ ကျောင်းသူ၊ ကျောင်းသားများသည် ယခင်က ရွာအတွင်း ကျောင်းဆောင်မရှိ၍ ရွာနှင့် ၂ မိုင်ခန့်ဝေးသည့် သက်ကယ်ပြင်မူဆလင်ကျေးရွာရှိ အထက(၁ဝ)သို့သွားရောက်ပညာသင်ကြားကြရသည်ဟု သိရသည်။
လမ်းခရီးဝေး၍ ကျောင်းသူ၊ ကျောင်းသားများအဆင်ပြေစေရန် အလယ်တန်းနှင့် အထက်တန်းစာသင်ကျောင်း ၂ ဆောင်ကို ၂၀၁၈ ခုနှစ်တွင် ပညာရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရခိုင်ပြည်ဝန်ကြီးချုပ် ဦးညီပုတို့အပါအဝင်၊ ပြည်နယ်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူး၊ ခရိုင်မှူးများ ကိုယ်တိုင်လာရောက်ပြီး ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ရွာသားများနှင့် ကျောင်းသားမိဘများက ပြောသည်။
ကျောင်းဆောက်လုပ်ပြီးစီးကတည်းက စာသင်ပြရန် စေတနာ့ဝန်ထမ်းဆရာမ အလယ်တန်းပြ ၆ ဦးနှင့် အထက်တန်းပြဆရာ၊ ဆရာမ ၄ ဦးကိုခန့်အပ်ခဲ့သည်ဟုလည်း သိရသည်။
ယင်းဆရာ၊ ဆရာမများကို အစိုးရက ပုံမှန်လစာများပေးအပ်ခဲ့သော်လည်း ယခုအခါ ကျောင်းဖွင့်ခွင့်မပေး၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းမတက်ခွင့်မရသည့်အပြင် ဆရာ၊ ဆရာမလည်း လစာမရဘဲ အလုပ်လက်မဲ့ဖြစ်နေရသည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကိုသိလို၍ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကို နိရ ဉ္စရာကို ယနေ့ညနေက ဆက်သွယ်မေးမြန်းရာ သူက "ဘယ်လိုလုပ်ပေးမလဲဆိုတာတော့ စီစဉ်မယ်။ စီစဉ်နေတယ်။ နည်းလမ်းတစ်မျိုး။ နှစ်မျိုးတော့ရှိတယ်။ နောက်မှ အစီအစဉ်ချမယ်။ လောလောဆယ်တော့ပြောဖို့ စောသေးတယ်။ အခုက လူကြီးခရီးစဉ်ဖြစ်နေလို့ ဒီလောက်ပါပဲ"ဟု ပြောသည်။
အဆိုပါကျောင်းကိုလည်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်နှင့် တာဝန်ရှိသူတို့သည် ယနေ့ ဇွန်လ ၁၃ ရက် နေ့လယ်က သွားရောက်စစ်ဆေးခဲ့ကြသည်ဟု သိရသည်။
ကမန်လူမျိုးသည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် (၇)ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ (NN-12)
ဓာတ်ပုံ - ပိတ်ထားသည့် သာယာကုန်းကျေးရွာအထက(ခွဲ)ကျောင်းအား ဇွန်လ ၁၁ ရက်က သွားရောက်ရိုက်ကူးခဲ့စဉ်။

ဆက်စပ် သတင်းများ