စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပြန်ပေးဆွဲခံရသည့် ပညာရေးဝန်ထမ်း ၂ ဦး အမြန်ဆုံးပြန်လွတ်မြောက်ရေး စစ်ကောင်စီတွင်သာမက ပြည်နယ်အစိုးရတွင်လည်း တာဝန်ရှိဟု ANP ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k


နိရဉ္ဇရာ၊ ဇွန် ၂၀/ ၂၀၂၂
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင် ပြန်ပေးဆွဲခံလိုက်ရသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်း ၂ ဦး အမြန်ဆုံးလွတ်မြောက်လာစေရန်မှာ စစ်ကောင်စီတွင်သာမက ပြည်နယ်ကောင်စီတွင်လည်း တာဝန်ရှိသည်ဟု ရခိုအမျိုးသားပါတီ(ANP)က ယနေ့ ထုတ်ပြန်လိုက်သည်။
ပြန်ပေးဆွဲခံလိုက်ရသူနှစ်ဦး သင်္ဘောလှကျေးရွာမှ ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ဖြစ်ကြပြီး ပျောက်ဆုံးနေသည်မှာ ၅ ရက်ကြာမြင့်လာနေပြီဖြစ်သဖြင့် ၎င်းတို့၏အသက်အန္တရာယ် စိုးရိမ်မကင်းဖြစ်နေရ၍ ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ANP ပါတီ ဥက္ကဋ္ဌဦးသာထွန်းလှက ပြောသည်။
"ဒီလိုသာ အမြဲတမ်း ပြန်ပေးဆွဲခံနေရရင် အဲဒီဒေသမှာရှိတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ တစ်ခြားဌာနဆိုင်ရာက ဝန်ထမ်းတွေလုံခြုံရေးကို လည်းစိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ အဲဒါကြောင့် ဆရာ၊ ဆရာမပြန်လည် လွတ်မြောက်လာဖို့အတွက် လက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ဖို့အရေးကြီးတယ်လို့ မြင်တယ်။ အဲဒီနှစ်ယောက်ပြန်လွတ်မြောက်လာဖို့နဲ့ နောက်နောင် ဒီလိုမဖြစ်ရအောင် ပါတီအနေနဲ့ တောင်းဆိုရတာဖြစ်တယ်" ဟုဆိုသည်။
ပျောက်ဆုံးနေသည့်ကျောင်းအုပ်ဆရာကြီးနှင့် လက်ထောက်ဆရာမတို့ကိစ္စနှင့်ပတ်သက်ပြီး ပြန်ပေးဆွဲသွားသူများက ငွေကြေးတောင်းခံမှုများလည်းရှိသည့်အတွက် ငွေကြေးအချို့ကို သက်ဆိုင်ရာပေးပို့လိုက်ပြီဖြစ်သော်လည်း ယနေ့ထက်တိုင် လွတ်မြောက်လာခြင်းမရှိ၍ စိုးရိမ်မိသည်ဟု ANP ၏ထုတ်ပြန်ချက်တွင်ဆိုထားသည်။
၄င်းတို့ ၂ ဦးပျောက်ဆုံးပြီးနောက် လိုက်လံရှာဖွေသည့်ဒေသခံများကို ပြန်ပေးဆွဲသူများက ပြန်လည်တိုက်ခိုက်သည့်အတွက် ယမန်နေ့ ဇွန်လ ၁၉ ရက်က ဒေသခံအချို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သည်ဟုလည်း သိရသည်။
ယနေ့တွင် ရှာဖွေမှုကို ရပ်နားထားသည်ဟုလည်း ဒေသခံများက ပြောသည်။
ANP ၏ ယနေ့ထုတ်ပြန်ချက်တွင် ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့တပ်မတော်က အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခေါ်ဆောင် စစ်ဆေးမေးမြန်းမှုများရှိနေသဖြင့် ရိုးသားစွာလုပ်ကိုင်ရှာဖွေ စားသောက်နေကြသည့် ပြည်သူများကိုလည်း စိုးရိမ်သောကရောက်ကြရပြီး ယင်းသို့ ဖမ်းဆီးစစ်ဆေးမှုများ မပြုလုပ်ရန်လည်း ထည့်သွင်းတောင်းဆိုထားသည်။ (NN-11)

ဆက်စပ် သတင်းများ