စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မီးဖွားစဉ် မိခင်နှင့်ကလေးပါ သေဆုံး


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့ညက စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မီးဖွားစဉ် မိခင်နှင့်ကလေးပါ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းရွာဟောင်းတွင် စစ်ဘေးလာရှောင်သည့် အသက် ၄၀ အရွယ် ကိုယ်ဝန်ဆောင် ဒေါ်မဌေးဝင်းဖြစ်သည်။

၎င်းတည်းခိုနေသည့်နေအိမ်အတွင်း ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်၊ ည ၈ နာရီခန့်က မီးဖွားစဉ် ကိုယ်ဝန်အဆိပ်တက်မှုကြောင့် မိခင်နှင့်ကလေးပါ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒိုးတန်းရွာဟောင်းမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

"မွေးနေတဲ့အချိန် ငါးမိနစ်၊ ဆယ်မိနစ်အတွင်းမှာ ဖြစ်သွားတာပါ။ မမွေးနိုင်သေးဘူး။ မမွေးနိုင်တော့ ဆေးရုံကိုခေါ်သွားမလို့ လုပ်သေးတယ်။ ဒါပေမယ့် မပို့လိုက်ရဘူး။ ကိုယ်ဝန်အဆိပ်တက်သွားတယ်လို့လည်းပြောတယ်" ဟုပြောသည်။

ယင်းသို့သေဆုံးသွားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ယမန်နေ့ည ၁၀ နာရီခန့်တွင် သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သူမသည် အဆိုပါဒိုးတန်းရွာဟောင်းတွင် မိသားစုနှင့်အတူ စစ်ဘေး လာရှောင်နေသည်မှာ တစ်လခန့်ကြာမြင့်နေပြီဟု သိရသည်။

ဒိုးတန်းရွာဟောင်းကျေးရွာသားများသည် ရခိုင်တွင်တိုက်ပွဲစဖြစ်သည့်နောက်ပိုင်း စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ထားသလို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိသဖြင့် ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ဆေးကုသမှုခံယူရန်အခက်အခဲရှိကြောင်း ဒေသခံများက ပြောသည်။

"ပုဏ္ဏားကျွန်းဆေးရုံကိုတော့ မသွားဖြစ်ကြဘူး။ လက်နက်ကြီးပစ်တော့ ကြောက်လန့်ကြတယ်လေ။ လမ်းမှာလည်း အတားအဆီးတွေက ရှိတယ်။ သွားဖို့လမ်းကြောင်းတွေကလည်း အဆင်မပြေဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများပြန်လည်စတင်ခဲ့သည့်အချိန်မှစ၍ လူဦးရေသိန်းနှင့်ချီ စစ်ဘေးရှောင်နေကြရပြီး ယင်းအထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များမှာ အကြီးအကျယ်ဒုက္ခဖြစ်နေကြရသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီက မြို့ချင်းဆက်လမ်းများကိုပိတ်ပင်ထားသလို စက်သုံးဆီဈေးနှုန်းများမှာလည်း အဆမတန်မြင့်တက်လာသဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ကြနေသည့် အသင်းအဖွဲ့တချို့မှာလည်း စက်သုံးဆီပြတ်လပ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအချို့ကို ယာယီရပ်နားထားကြရသည်။

ထို့ကြောင့် အရေးပေါ်ကျန်းမာရေးကိစ္စများဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီမရောက်နိုင်ဘဲ ဒုက္ခရောက်မည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။ (NN-8)

ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ဘေးရှောင်အချို့အား တွေ့ရစဥ်။

ဆက်စပ် သတင်းများ