စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း လက်ဝဲစာတိုက်တွင် တိုက်ပွဲဖြစ်ပွား


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ပုဏ္ဏားကျွန်းမြို့နယ်ရှိ လက်ဝဲစာတိုက်ကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက် ညအချိန်က ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ အကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု ဒေသခံများကပြောသည်။

ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်မှ စတင်ကာ လက်ဝဲစာတိုက်ကျေးရွာ တံတားဦး စစ်ကောင်စီတပ်ရင်းဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ကြားခဲ့ရပြီး အများမကြာမီတွင် အပြန်အလှန် ပစ်ခတ်သံများကို ကြားခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲကတော့ အကြီးအကျယ်တော့ ဖြစ်တာမဟုတ်ပါဘူး။ အရင်ဆုံး တံတားဦးတပ်က ပစ်သံကြားတယ်။ နောက်တော့ ဟိုဘက်ဒီဖက် အပြန်အလှန် ပစ်ကြသံကြားလိုက်ပါတယ်” ဟုပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း လက်ဝဲစာတိုက် တံတားဦး စစ်ကောင်စီတပ်၊ တံတားဦးတောင်မှ စစ်ကောင်စီတပ်တို့မှ လက်ဝဲစာတိုက် ကျေးရွာထဲကို လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ပြီးနောက် တိုက်ပွဲ အနည်းငယ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်တပ်က တံတားဦး တပ်ကရော၊ တောင်ထက်ကရော ပစ်ကြတယ်။ အေအေဖက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်” ဟုဆိုသည်။

စစ်ကောင်စီ လက်ဝဲစာတိုက် တံတားဦးတပ်၊ တံတားဦးတောင်နှင့် ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းတို့မှ လက်ဝဲစာတိုက်ကျေးရွာထဲကို လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ကျေးရွာထဲမှ လူနေအိမ် ၃ လုံးခန့်မှာ လက်နက်ကြီးကျ၍ ပျက်စီးသွားခဲ့သည်ဟု ကြားမိကြောင်း ကျေးရွားသားများက ပြောကြသည်။

ပစ်ခတ်သံများမှာ ၃ နာရီအကြာ ည ၂ နာရီခန့်တွင် ရပ်သွားသည်ဟုလည်း အနီးအနားရှိကျေးရွာများတွင် စစ်ရှောင်နေကြသည့် ကျေးရွာသားများက ပြောသည်။

လက်ဝဲစာတိုက်ကျေးရွာသားများမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ စစ်ကောင်စီတပ်များက ကျေးရွာထဲကို လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် ရွာထဲတွင် မနေရဲဘဲ ဘေးလွတ်ရာကျေးရွာများတွင် စစ်ဘေးခိုလှုံနေကြရသည်။

စစ်ကောင်စီတပ်သည် လက်ဝဲစာတိုက်ကျေးရွာနှင့် အောင်သာစည်ကျေးရွာကြားတွင်ရှိပြီး ပိန္နဲတော၊ ကမ်းထောက်ကြီးကျေးရွာမှ စစ်သားများလည်း ပူးပေါင်းလျက်ရှိကာ အင်အား ၃၀၀ ခန့်ရှိသည်ဟုလည်း သိရသည်။ (NN-3)

ဆက်စပ် သတင်းများ