ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း အောင်မြေကုန်းတွင် တိုက်ပွဲဖြစ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၃၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ် တောင်ဘက် အောင်မြေကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်နေကြောင်း သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းကျေးရွာအနီးတွင် ယနေ့ဇန်နဝါရီ ၃၁ရက်နေ့  နေ့လယ် ၁ နာရီခွဲခန့်က ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲဖြစ်ခဲ့သည်ဟု ကျေးရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" အောင်မြေကုန်းမှာ တိုက်ပွဲဖြစ်နေတယ်။ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့ဖြစ်တာလား။ စကစ နေဗီကပစ်လို့ ကိုယ့်ဖက်ကပစ်တာလား၊ အတိကျမသိရသေးဘူး။ တိုက်ပွဲဖြစ်တာတော့မှန်တယ်" ဟုပြောသည်။

ယင်းအပြင် ယနေ့ ညနေ ၅ နာရီခွဲထိ သတင်းအရ တိုက်ပွဲပြင်းထန်နေပြီ စစ်ကောင်စီဖက်မှ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်သလို စစ်တွေရွှေမင်းဂံရှိ စစ်ကောင်စီ၏ နေဗီတပ်နှင့် ခလရ(၂၀)ဖက်မှ ပစ်ကူပေးနေသည်ဟု စစ်တွေမြို့နယ် ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ငှက် (လေယာဉ်) နဲ့လည်းဗုံးကြဲတိုက်ခိုက်တယ်။ အခု နေဗီနဲ့ စစ်တွေခလရ (၂၀)ကလည်း လက်နက်တွေနဲ့ ပစ်နေတယ်" ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အတွက် အောင်မြေကုန်း၊ အိုင်ဒင်ကျေးရွာနှင့်တန်းခိုးကျေးရွာများမှာ ကျေးရွာသားများအိုးအိမ်စွန့်ခွာနေရကြောင်းသိရသည်။

ယနေ့နံနက်က ပုဏ္ဏားကျွန်းမြို့နယ် ဆားကုန်ပုတ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာကို မီးရှို့ခဲ့သလို နေ့လယ်ပိုင်းကလည်း ၎င်းကျေးရွာ အနီးအနားကို ရွှေမင်းဂံနေဗီနှင့်  ရဲတပ်ရင်း(၁၂) မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်ဟု ၎င်းကျေးရွာသားကနိရဉ္စရာကိုပြောသည်။( NN-11) 

ဆက်စပ် သတင်းများ