ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည်ထိမှန်၍ လူငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကြီးကျည်စ ထိမှန်၍ အသက် ၁၀နှစ်ကျော်အရွယ် လူငယ်တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သတင်း ရရှိသည်။

ဒဏ်ရာရရှိသူမှာ မင်းကန်ကျေးရွာမှ မောင်မောင်မျိုးဦး အသက်(၁၄)နှစ် ဖြစ်ပြီး ဝမ်းဗိုက်တွင် လက်နက်ကြီးကျည်ထိမှန်သွားခြင်းဖြစ်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၆နာရီခန့်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် မင်းကန်ရွာထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး ၎င်းလူငယ်အား ကျည်စများ ထိမှန်ခဲ့ကာ နေအိမ်တချို့လည်း ပျက်စီးသွားခဲ့သည်ဟု ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး (PYO)မှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာကိုပြောသည်။

" မနေ့ကညနေ  ၆နာရီလောက်ကဖြစ်တာပါ။ နေဗီကလည်းပစ်တယ်။ ၅၅၀ တပ်ရင်းဖက်ကလည်း ပစ်တယ်။ ဘယ်ကပစ်တဲ့ လက်နက်ကျတာလည်း သေချာတော့မသိဘူး။ အဲဒီကလေးကိုဒဏ်ရာရလို့ နီးစပ်ရာ ဆေးရုံကို ပို့ထားတယ်။ နောက်ဆက်တွဲသိရသလောက် အစာအိမ်ပေါက်တယ်ကြားတယ်" ဟုပြောသည်။

ရက္ခိုင့်တပ်တော် (AA) ပုဏ္ဏားကျွန်း ခမရ ၅၅၀တပ်ရင်းကို တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်သားတစ်ချို့ အလံဖြူထောင်ကြီး  တပ်မ (၂၂)မှ စစ်သားများသည် လက်နက်ချအညံ့မခံဘဲ ဆက်လက်တိုက်ပွဲဝင်နေကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" မနေ့က ညကတော့ စစ်သားတချို့ အလံဖြူထောင်တယ်။  ၅၅၀တပ်က တစ်ဝက်လောက်လို့ ကြားတယ်။ တပ်မ ၂၂ စစ်သားတွေက လုံးဝမ ထောင်ပြဘူး။ အညံ့မခံတဲ့သဘော။ နေဗီတစ်စီးကလည်း မြစ်ထဲမှာ ရှိနေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တာတွေလည်းရှိပါတယ်" ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) တပ်ရင်းဌာနချုပ်သည် လက်နက်ချ အညံ့မခံသေးသော စခန်းများထဲမှ တစ်ခုဖြစ်သည့်အတွက်  ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် (AA)က ယမန်နေ့က သတင်း ထုတ်ပြန်ထားသည်။(NN-11) 

ဆက်စပ် သတင်းများ