တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း ယိုးတရုပ်ရွာဗုံးကြဲခံရမှု ဒဏ်ရာပြင်းသူ နောက်ထပ်ဆရာမတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

(သေဆုံးသူ ၄ ဦးရှိသွားပြီ)

မောင်စာဂ၊ နိရဥ္စရာ၊ ဇွန် ၄/၂၀၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ်ကျေးရွာကိုကောင်စီတပ်က ဗုံးကြဲခဲ့သည့် အတွက် ဒဏ်ရာပြင်းသူများအနက် နောက်ထပ် အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။ 

သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ကျေးရွာမှ ယိုးတရုပ်ကျေးရွာတွင် နေထိုင်သူ အလယ်တန်းပြကျောင်းဆရာမ ဒေါ်သန္တာခိုင်(၄၈) နှစ်ဖြစ်သည်။

သူမသည် ယမန်နေ့ ဇွန်လ ၂ ရက်တွင် ဆေးရုံ၌ဆေးကုသမှုခံယူနေစဥ် ဦးခေါင်းဒဏ်ရာ ပြင်းထန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "မနေ့က မနက် စောစောပိုင်းက ဆုံးတာပါ။ ညနေမှာတော့ သူ့ဇာတိရွာမှာ သဂြင်္ိုလ်ဖို့လုပ်ပါသေးတယ်။ ဒါပေမဲ့ အဲဒီအချိန် ဂျက်တိုက်လေယာဥ်တွေဝဲနေတာမို့ ဒီနေ့မှ သင်္ဂြိုလ် ဖြစ်ပါတယ်"ဟု ပြောသည်။

ယခုသေဆုံးသွားသူနှင့်အတူ ယိုးတရုပ်ရွာမှနောက်ထပ် ၁၀ ဦးသည် ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီ၏ထောက်/ပို့ယာဥ်ဖြစ်သည့် Y12 လေယာဥ်က ရွာအပေါ်မှဝဲပျံကာ ဗုံးကြဲချခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာများရရှိသွားခြင်းဖြစ်သည်။

အဆိုပါ ၁၁ ဦးအနက် ၆ ဦးဒဏ်ရာပြင်းထန်ခဲ့ပြီး ယင်းအနက် ဒေါ်မဲမ(ခေါ် )ဒေါ်အေးနု (၄၃)နှစ်သည်လည်း ဇွန်လ ၁ ရက်၊ ညဥ့်အချိန်တွင် ဆေးရုံ၌ ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် ယိုးတရုပ်ရွာ ဗုံးကြဲခံရမှုကြောင့် ယိုးတရုပ်ရွာ၊ ချောင်းဝရပ်ကွက်မှ မောင်ကျော်လွင်(ခ)ဒေါင်းဒေါင်း(၁၀) နှစ်နှင့် စစ်တွေမြို့နယ်၊ ပျားလည်ချောင်းရွာမှ စစ်ရှောင်နေသူ မခိုင်မိုးအေး (၂၆)နှစ်တို့သည်လည်း အခင်းဖြစ်ပွားချိန်တွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

လက်ရှိတွင် ယိုးတရုပ်ရွာဗုံးကြဲခံရမှုကြောင့် သေဆုံးသူမှာ ပွဲချင်းပြီးသေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရပြီးမှ ဆေးကုသမှုခံယူနေသူ ၂ ဦး၊ စုစုပေါင်း ၄ ဦးရှိသွားပြီဖြစ်သည်။

ယိုးတရုပ်ရွာဖြစ်စဥ်ကြောင့် ချောင်းဝရပ်ကွက်မှ နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့သေးသည်။

 

 

ဆက်စပ် သတင်းများ