စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

ပျောက်ဆုံးသွားသော အမေရိကန် အသံတိတ် ဂျက်တိုက်လေယာဉ် အက်ဖ်-၃၅ ၏ အစိတ်အပိုင်းများကို ပြန်လည်တွေ့ရှိ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

တနင်္ဂနွေနေ့ မွန်းလွဲပိုင်း လေ့ကျင့်ပျံသန်းရင်း ပျက်ကျသွားသော အမေရိကန် အသံတိတ် ဂျက်တိုက်လေယာဉ် အက်ဖ်-၃၅ ၏ အစိတ်အပိုင်းများကို တောင် ကာရိုလိုင်းနားပြည်နယ်တွင် ပြန်လည်ရှာဖွေတွေ့ရှိပြီဟု အာဏာပိုင်များက ပြောကြားသည်။

ဒေါ်လာ သန်း ၁၀၀ တန်ဘိုးရှိ Stealth အမျိုးအစား အသံတိတ် အမေရိကန် ဂျက်တိုက်လေယာဉ် အက်ဖ်-၃၅ သည် တနင်္ဂနွေနေ့က လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် လေယာဉ်မှူးသည် လေထီးခလုတ်ဖြင့် အရေးပေါ် မြေပြင်သို့ ဆင်းသက်ခဲ့ရသည်။

သို့သော် အဆင့်မြင့် အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်မှာ မည်သည့်နေရာသို့ ကျရောက်ပြီး ပျောက်ဆုံးသွားသည်ကို မသိသည့်အတွက် ဝိုင်းဝန်းရှာဖွေပေးကြရန် ချာလက်စတန် ပူးတွဲ လေတပ်စခန်းက ကြေညာခဲ့ရသည်။

ထိုသို့ကြေညာပြီးနောက် ပျက်စီးနေသော အက်ဖ်-၃၅ တိုက်လေယာဉ်အပိုင်းအစများကို ချာလက်စ်တန်လေတပ်စခန်း၏ အရှေ့မြောက်ဘက် နှစ်နာရီကွာ ဝီလျံစဘတ် နယ်မြေတွင် ပြန်လည် တွေ့ရှိခဲ့ကြသည်။

တာဝန်ရှိသူများသည် လေယာဉ်နောက်ဆုံးပျက်ကျသွားသည့်နေရာ ချာလက်စတန်မြို့ မြောက်ဘက်ရှိ မိုလ်ထရီ နှင့် မာရီယွန်ရေအိုင်အနီးတစ်ဝိုက်ကို အဓိကထား ရှာဖွေခဲ့ကြသည်။

တိုက်လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လတ်တလော သတင်းထုတ်ပြန်ဦးမည်မဟုတ်ဟု အမေရိကန် မရင်းတပ်ဖွဲ့က ပြောကြားသည်။

လေယာဉ်မှူးက အရေးပေါ်လေထီးခလုတ်ဖွင့်၍ ခုန်ထွက်သွားသော်လည်း တိုက်လေယာဉ်သည် အလိုအလျောက်ဆက်လက်ပျံသန်းနေသေးကြောင်း၊ သို့သော် လေယာဉ်၏ကိုယ်ထည် ၊ ဆင်ဆာစနစ် နှင့် ပျံသန်းမှုစနစ်အားလုံးကို ရန်သူ့ရေဒါက ထောက်လှမ်းမရအောင် ပြုလုပ်ထားသည့်အတွက် လေယာဉ်မှူး ခုန်ချသွားပြီးနောက် လေယာဉ်၏ တည်နေရာကို မသိရှိတော့ကြောင်း ချာလက်စတန် လေတပ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ခုန်ချခဲ့သော တိုက်လေယာဉ်မှူးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သော်လည်း ဆေးရုံတင်ပို့ခဲ့ရပြီးနောက် အခြေအနေသက်သာသည်ဟု သိရသည်/

အတူပျံသန်းခဲ့သော အခြား အက်ဖ်-၃၅ တိုက်လေယာဉ်တစ်စီးမှာ စခန်းသို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိခဲ့သည်ဟု ဆိုသည်။

 

NN-27

Ref:BBCWorld

ဆက်စပ် သတင်းများ