ချစ်အိလှိုင်၊ သျှင်မင်းဇံ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိဘုမေရပ်ကွက်၊ ရဲတပ်ရင်း အမှတ် (၃၆) ရှေ့မျက်နှာစာ မြေလွတ် (ကျူးကျော်မြေ)တွင် တဲထိုးနေထိုင်သည့် နေအိမ်များ ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ နံနက်က ဖြိုဖျက်ခံလိုက်ရသဖြင့် လူပေါင်း ၁၀၀ ကျော် နေစရာမရှိ အခက်အခဲဖြစ်နေကြကြောင်း နေအိမ်ဖြိုဖျက်ခံရသူ ကာယကံရှင်များက ပြောသည်။
ဖြိုဖျက်ခံရသည့် အထဲတွင် ၄င်းမြေပေါ်တွင် လွန်ခဲ့သည့် ၂ နှစ်ကျော်က နေထိုင်သည့်နေအိမ် ၆ ဆောင်၊ ဧပြီ တတိယအပတ်က လာရောက် တဲထိုးနေထိုင်လာကြသည့် စစ်ဘေးရှောင်အိမ် ၁ဝ ဆောင်နှင့် အိုးမဲ့အိမ်မဲ့ တဲအိမ် ၄ဝ ကျော် ပါဝင်ပြီး ၎င်းတဲအိမ်များတွင် နေထိုင်သူ လူ ၁ဝဝ ကျော်ခန့်မှာ နေစရာမရှိ ဖြစ်နေကြရသည်ဟု နေအိမ်ဖြိုဖျက်ခံရသူ ကာယကံရှင်များက ပြောသည်။
ကျောက်တော်မြို့နယ်အခစားကျေးရွာမှ ကလေး ၆ ဦး၏မိခင်လည်းဖြစ်၊ လက်ရှိ ကိုယ်ဝန်လစေ့ဖြစ်နေသူ ဒေါ်မေသန်းဦးက “ ကျွန်မတို့ ရွာမှာ တိုက်ပွဲဖြစ်လို့ စစ်တွေကို ပြေးလာခဲ့ကြတာပါ။ စက်ရုံစုက မီးလောင်ကွင်းမှာ အိမ်ငှားနေပါတယ်။ ယောက်ျားလည်းပစ်သွားလို့ မေတ္တာရပ်ပြီးကလေးတွေကို ရှာကျွေးနေတာပါ။ ဒီမှာနေလို့ရတယ်ပြောလို့ တဲလာထိုးတာပါ။ မနေ့က ဘတ်ဟိုးတွေနဲ့လာဖြိုတော့ ကလေးတွေကို ခေါ်ပြီး ရထားလမ်းကို ပြေးခဲ့တယ်။ ကံကောင်းလို့ ကလေးတွေမပါသွားတာပါ။ တဲထိုးထားတဲ့ ဝါးတွေ၊ တိုင်တွေလည်း ဒီရှေ့ကရဲကင်းစခန်းထဲ သွင်းသွားတယ်။ ပြန်ပေးစေချင်တယ်။ အစိုးရကိုတောင်းဆိုချင်တယ်။ နေစရာပေးပါလို့” ဟုပြောသည်။
သူမမှာ ယခင်ကနေခဲ့သည့် စက်ရုံစုမီးလောင်ကွင်းတွင် အိမ်ငှားခ မပေးနိုင်သဖြင့် နှင်ချခံခဲ့ရသည့် အတွက် စစ်တွေမြို့ကိုပတ်၍ မေတ္တာရပ်ခံကာ ရလာသည့် ငွေကြေးဖြင့် ဝါးနှင့် အိမ်တိုင် အချို့ဝယ်ယူကာ ဆောက်လုပ် ထားခဲ့ခြင်းဖြစ်ကြောင်း သူမက ဆက်ပြောသည်။
ယမန်နေ့က ၄င်းနေအိမ်များအား ဖြိုဖျက်နေသည့် အချိန်တွင်ရောက်ရှိနေသည့် မျက်မြင်သက်သေ အမည်မဖော်လိုသူ စစ်တွေမြို့ခံတစ်ဦးက “ ဒီမြေက ပရိဟိတအဖွဲ့တွေနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ အတွက် အကွက်ရိုက်ထားတာလို့သိရတယ်။ အဲဒီမြေနေရာမှာ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်အတွင်းမှာ လာဆောက်ကြတာပါ။ နေစရာမရှိလို့လည်း ဖြစ်မှာပေါ့။ တာပေါ်လင်အစတွေနဲ့ ဆောက်လက်စတွေ များတယ်။ ခြံထိုးထားတာတွေကို သော့ဖျက်ပြီး ဝင်ဆောက်ကြတာ။အဲဒီအိမ်တွေကို ဘတ်ဟိုးတွေနဲ့ လာဖျက်တာပါ။ နေတဲ့လူတွေက စစ်ဘေးရှောင်တွေလည်း ပါသလို ဒီလိုပဲ တခြားလူတွေလည်း ပါပါတယ်” ဟုပြောသည်။
၄င်းမြေနေရာမှာ စစ်တွေတက္ကသိုလ်ရိပ်သာလမ်းအနီး ကွင်းအမှတ်(၅၅၇-က၊ ၅၅၇-ခ) တို့ဖြစ်သည်။
အဆိုပါ မြေနေရာမှာ မူးယစ်တပ်ဖွဲ့မြေနေရာ၊ လူမှုရေးအသင်းအဖွဲ့ လျာထားမြေနေရာ၊ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမြေနေရာ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း( ရခိုင်ရုံးခွဲ) မြေနေရာ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနလျာထားမြေနေရာ၊ ရခိုင်ပြည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမြေနေရာ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန န.တ.လ ကျောင်းမြေနေရာနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန အဆောက်အဦးမြေနေရာတို့ဖြစ်ကြကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေခရိုင်မှူး ဦးအောင်မြဦးက ၄င်းနေရာအားယခင် ၂ဝ၁၉ ခုနစ် ဧပြီလမှ ၂ဝ၂ဝ ဧပြီလအထိ AGE မြင်းစီးကလပ်ကို ငှားထားခြင်းဖြစ်ကြောင်း၊ယင်းနောက် အစိုးရမှ ထပ်မံငှားရမ်းခြင်းမပြုတော့ပဲ လူမှုရေးအဖွဲ့နှင့်ဌာနဆိုင်ရာများအား မြေနေရာပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ယခုကဲ့သို့ ဖယ်ရှားရခြင်းမှာ ကျူးကျော်လာရောက်နေထိုင်သူများ များပြားလာသဖြင့် ဖယ်ရှားပေးရန် သတိပေးခဲ့သော်လည်း မပြောင်းရွှေ့ ကြသဖြင့် ဖြိုဖျက်ရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
သို့ရာတွင် နေစရာမရှိသဖြင့် ၄င်း နေအိမ်ဖြိုဖျက်ခံလိုက်ရသူများအနေဖြင့် မြေလွတ်များနှင့် လမ်းဘေးများတွင် ထိုင်ကာ သွားစရာမရှိဖြစ်နေကြရကြောင်း၊ ဖြိုဖျက်ခံရသည့် အိမ်မှာ အာဏာပိုင်များပြောသလို လေးငါးခြောက်ဆောင် မဟုတ်ဘဲ တဲအိမ် ၅၀ခန့်နှင့် လူပေါင်း ၁၀၀ ကျော်ခန့် ဖြစ်ကြောင်း နိရဉ္စရာသတင်းထောက်များ ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက်က သတင်းသွားယူစဉ် ကာယကံရှင်များက ပြောကြားခဲ့သည်။