ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေမြို့ ရပ်ကွက်တစ်ခု၏လူနေအိမ်တစ်လုံးမှ အရှည် ၁၁ ပေခွဲ စပါးအုံးမြွေတစ်ကောင် ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 1.6k

ထက်အောင်
နိရဉ္စရာ၊ ဇွန် ၁၉/ ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကန်တော်ကြီးရပ်ကွက်၊ နတ်စင်လမ်းရှိ လူနေအိမ်တစ်အိမ်ထဲမှ စပါးအုံးမြွေတစ်ကောင်အား ဖမ်းဆီးရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် စပါးအုံးမြွေကြီးသည် အရှည် ၁၁ ပေခွဲ၊ လုံးပတ် ၁ ပေပတ်လည်ရှိ ပြီး နေအိမ်ပိုင်ရှင်များက လာရောက်ဖမ်းဆီးပေးရန် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအား အကူအညီတောင်းခံလာသဖြင့် ဖမ်းဆီးပေးရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ကိုမင်းထည်ဝါက ပြောသည်။
ရွှေရောင်မေတ္တာ ဖောင်ဒေရှင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဥက္ကဌ ကိုမင်းထည်ဝါက “ သူတို့ အိမ်ထဲမှာ မြွေတစ်ကောင်ရှိနေတယ်ဆိုပြီး ကျနော်တို့ရုံးကို အကူအညီလာ တောင်းပါတယ်။ မြွေတစ်ကောင် ရောက်နေတယ်။ မိသားစုဝင်တွေကလည်း ကြောက်တယ်။ အိမ်ထဲမှာ မနေရဲတဲ့အတွက် ဖမ်းပေးပါဆိုပြီး အကူအညီလာတောင်းတယ်။ ဒါကြောင့် ကျနော်တို့က သွားရောက်ဖမ်းပေးပါတယ်။ အဓိကတော့ အကူအညီတောင်းလာတာကို ကျနော်တို့က အကူအညီပေးရပါမယ်။ ဒါက အသင်းရဲ့ မူဝါဒပါ” ဟု ပြောသည်။
ယနေ့ ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဖမ်းဆီးရမိသည့် စပါးအုံးမြွေကြီးအား မြန်မာနိုင်ငံသစ်တောဦးစီးဌာနကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သူကပြောသည်။
“ မြွေကိုဖမ်းတဲ့အခါမှာတော့ အခက်အခဲသိပ်မရှိပါဘူး။ ကျနော်တို့မှာက မြွေဖမ်းရာမှာ အထောက်အကူပြုတဲ့ ပစ္စည်းတွေရှိတယ်။ ဒါကြောင့် ကျနော်တို့ လူမှုကယ်ဆယ်ရေးအဖွဲ့က ဖမ်းရတာလွယ်ကူပါတယ်။ အခု နောက်ပိုင်းမှာလည်း ကျနော်တို့အသင်းက စပါးအုံးမြွေတွေအများကြီး ဖမ်းမိပါတယ်” ဟု ကိုမင်းထည်ဝါက ဆိုသည်။
ယနေ့ ဇွန် ၁၉ ရက်နေ့ နံနက် ၁၁ နာရီခွဲလောက်က ဖမ်းဆီးရမိသော စပါးအုံးမြွေတွေ့ရှိသည့် အိမ်အနီးပတ်ဝန်းကျင်မှာ တောထူထပ်ခြင်းကြောင့် မဟုတ်ပဲ မိုးရွာသည့်အခါ ရေတက်မှုကြောင့် အိမ်ထဲထိ ဝင်ရောက် လာခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဆက်စပ် သတင်းများ