စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဧပြီလမှစတင်ကာ ထောက်ခံစာဖြင့်ခရီးသွားလာခွင့်ပြုမည်မဟုတ်တော့ဟုလ၀က စာထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၇ / ၂၀၂၂
ထောက်ခံစာဖြင့် ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများကို လာမည့်ဧပြီလမှစတင်ကာ ခွင့်ပြုတော့မည်မဟုတ်ဘဲ မှတ်ပုံတင်ဖြင့်သာခွင့်ပြုတော့မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လ ၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)အား ဧပြီလ ၁ ရက် နံနက် ၆ နာရီမှစ၍ ပြသစစ်ဆေးခံရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ထောက်ခံစာဖြင့် ခရီးသွားလာခြင်းကို ခွင့်မပြုပါက ပြည်သူများအား နိုင်ငံသားစိစစ်ကတ်ပြားများကို ထိထိရောက်ရောက်လုပ်ပေးသင့်သည်ဟု ရခိုင်ရှိ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက နိရဥ္စရာကို ပြောသည်။
“အဓိကတော့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ဘယ်နေရာကိုမဆို သွားခွင့်ရှိရမယ်။ တည်းခိုခွင့်ရှိရမယ်။ တကယ်လို့ မှတ်ပုံတင်တစ်ခု မရှိမဖြစ်လိုအပ်တယ်ဆိုရင် အစိုးရအနေနဲ့ မှတ်ပုံတင်လုပ်မယ့်သူတွေကို ထိထိရောက်ရောက်ရောက်ဆောင်ရွက်ပေးသင့်တယ်။ နယ်ဘက်တွေမှာဆိုရင်လည်း ရွာတွေမှာ မှတ်ပုံတင်လုပ်ဖို့ဆိုပြီး ပိုက်ဆံပေးကြရတာတွေရှိတယ်။ ဒါပေမယ့် မှတ်ပုံတင် မရတာတွေများတယ်”ဟုပြောသည်။
မှတ်ပုံတင်မရှိမဖြစ်ရှိရမည်ဆိုပါက မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်တို့တွင် မှတ်ပုံတင်လုပ်ရန် နှိုးဆော်မှုများ ဂရုတစိုက်လုပ်ဆောင်ပေးသင့်သည်ဟုလည်း စစ်တွေမြို့မိ၊ မြို့ဖဥက္ကဋ္ဌ ဦးမောင်သာစိန်က ပြောသည်။
“တကယ်လို့ မှတ်ပုံတင်ပါမှ ခရီးသွားလာခွင့်၊ တည်းခိုခွင့်ပေးမယ်ဆိုရင် အရင်ဆုံးပြည်သူတွေကို မှတ်ပုံတင်ရှိအောင်လုပ်ပေးသင့်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၊ သက်ဆိုင်ရာတို့က မှတ်ပုံတင်လုပ်ဖို့နှိုးဆော်ပေးရမယ်”ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လဝကဦးစီးမှူးကိုဆက်သွယ်ရာ ခရီးသွားနေ၍ မအားဟု ဖြေဆိုသည်။
မတ်လ ၅ ရက်က လဝက၏ထုတ်ပြန်ချက်တွင် ခရီးသွားခြင်းနှင့် အစစ်ဆေးခံခြင်းတို့တွင် မှတ်ပုံတင်ပြသနိုင်ရန် လဝကအနေဖြင့် ၁၆ နှစ်နှင့်အထက် အကျုံးဝင်သူများအား ၂ဝ၂၁ ခုနှစ်၊ မေလ ၃ ရက်မှ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်အထိ ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်များထုတ်ပေးလျက်ရှိသည်ဟု ဆိုထားသည်။
ယင်းအပြင် နိုင်ငံသားကတ်(မှတ်ပုံတင်)အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေအရ ပြစ်မှုမြောက်ကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ