သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်မြို့အချို့တွင် ဝက်များ အစုလိုက်အပြုံလိုက်သေဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1.6k

နိရဥ္စရာ၊ ဇွန် ၂၂/၂၀၂၂
ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ဝက်များ ရုတ်တရက် အစုလိုက်အပြံုလိုက် သေဆုံးမှုဖြစ်နေသည်ဟု ဝက်ပိုင်ရှင်များက ပြောသည်။
အမ်း၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင် အသားစားအဖြစ်မွေးမြူထားသည့် ဝက်များမှာ ပြီးခဲ့သည့်မေလမှစတင်ကာ သေဆုံးနေခြင်းဖြစ်ပြီး ယခု ဇွန်လအတွင်း သေဆုံးမှု များပြားလာနေသည်ဟု ဝက်ပိုင်ရှင်များက ပြောသည်။
သေဆုံးနေသည့် ဝက်များမှာ များသောအားဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ သားပေါက်ပြီးသည့်မိခင်များနှင့် ဝက်ထီးကြီးများဖြစ်ကြပြီး မည်သည့်ရောဂါကြောင့် သေဆုံးသည်ကို မသိရှိဟု ဆိုကြသည်။
သေသွားသည့်ဝက်များကိုလည်း စားမည့်သူမရှိ၍ မြေမြှုပ်နေရသည့်အတွက် ငွေကြေးနစ်နာမှုများရှိနေကြသည်ဟု ဝက်မွေးမြူသူများက ပြောသည်။
အမ်းမြို့နယ် လောင်ဗန်းတက်ကျေးရွာမှ ဝက်မွေးမြူသူ ဒေါ်သိန်းဝင်းရီက “ဝက်မကြီးတစ်ကောင်က သားတွေတော့ ပေါက်ပြီးသွားပြီ။ ပေါက်ပြီးလို့ တစ်ပတ်လောက်ပဲကြာတယ်။ ရောဂါဖြစ်လို့သေသွားတယ်။ ဝက်ရောဂါဖြစ်နေတဲ့အချိန်မှာလည်း ဆေးထိုးတာတွေလုပ်ခဲ့သေးတယ်။ ဒါပေမဲ့ အသက်မရှင်ခဲ့ဘူး။ ကျွန်မတို့ရွာမှာလည်း ဝက်တွေအကြီးအကျယ် သေနေကြတယ်။ ဒီလိုသေတဲ့ ဝက်တွေဆိုရင် ရွာကလူတွေက မစားဝံ့ကြတော့ မြေမြှုပ်လိုက်ရတယ်”ဟု ပြောသည်။
အလားတူ ဝက်ထီးကြီး ၂ ကောင် မွေးမြူထားသည့် အမ်းမြို့နယ်မှ ဒေါ်သူဇာဝင်းတွင်လည်း ယခုလိုသေဆုံးသွားခဲ့ပြီး မြေမြှုပ်ခဲ့လိုက်ရသည့်အတွက် ပိုက်ဆံ ၄ သိန်းကျော်ခန့် နစ်နာဆုံးရှုံးခဲ့ရသည်ဟု ပြောသည်။
“ရွာမှာက သေတဲ့ဝက်တွေဆိုရင် အားလုံးသူမြေမြှုပ်ကြပါတယ်။ ဘယ်လိုရောဂါဖြစ်လို့ သေတာကိုမသိတော့။ လူတွေက ကြောက်ကြတာပေါ့။ ကျွန်မမှာ ဝက်ပေါက်ကလေးဝယ်တဲ့ခါ တစ်သိန်းကျော်နဲ့ ဝယ်တာ။ အခုဆိုရင် တော်တော်လည်း ကြီးသွားပြီ။ ရောင်းမယ်ဆိုရင် တစ်ကောင်ကို ၂ သိန်းကျော်လောက်ရနိုင်တယ်။ အခုတော့ ကျွန်မမှာက ပိုက်ဆံတစ်ပြားမှမရလိုက်ဘူး”ဟု ဆိုသည်။
အဆိုပါမြို့နယ်များတွင် ပြီးခဲ့သည့်နှစ်မှစတင်ကာ အကြီးအငယ်မရွေးသေဆုံးခဲ့ကြသော်လည်း ယခုသေဆုံးနေမှုမှာ ကိုယ်ဝန်ဆောင်နှင့် သားပေါက်ပြီးသည့် ဝက်မိခင်များသာ သေဆုံးမှုများလာနေကြသည်ဟု အမ်းဒေသခံကိုမျိုးလွင်က ပြောသည်။
ယခုလိုဝက်များသေဆုံးနေကြသည့်အတွက် မိသားစုစားဝတ်နေရေးကာမိစေရန် တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူသူများကိုလည်း ထိခိုက်မှုများရှိနေသလို ဝက်များ၌ဖြစ်ပေါ်နေသည့် ရောဂါသည် မည်သည့်အတိုင်းအတာအထိ အန္တရာယ်ဖြစ်နိုင်လဲဆိုသည်ကို အစိုးရက တိရစ္ဆာန်ဆရာဝန်များကို ကွင်းဆင်းစစ်ဆေးရန်ညွှန်ကြားသင့်သည်ဟု ကိုမျိုးလွင်က ပြောဆိုလိုက်သည်။
“လူတွေကိုကူးစက်နိုင်လား။ ဒီလိုဝက်တွေ မသေအောင် ဘယ်လိုကူးစက်ရမလဲဆိုတာကို တစ်ခုခုတော့ အစီအစဉ်တကျလုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ ဝက်တွေက ကုန်ခဲ့တဲ့နှစ်ကစလို့ အခုချိန်ထိ အဆက်မပြတ်သေနေတယ်။ ကျန်းမာရေးဌာနကလည်း ဒီဟာကိုဂရုစိုက်မှုမရှိဘူး။ ဒေသခံတွေကတော့ ဆေးကုသတာတွေရှိတယ်။ ဒါပေမဲ့သေတာပဲ။ ဘာဖြစ်တယ်ဆိုတာကိုလည်း အဖြေကိုမသိရဘူး။ ဝက်သားဆိုတာက လူတိုင်းစားနေကျတာ။ ဒါကိုဂရုစိုက်ပေးဖို့လိုအပ်တယ်”ဟု ဆိုသည်။
ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူမြို့နယ်များတွင် ဝက်များအစုလိုက်အပြံုလိုက်သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ (NN-11)

ဆက်စပ် သတင်းများ