ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

KNLA/KNDOက သိမ်းပိုက်ရန်ကြိုးစားနေသောမြ၀တီတောင်ဘက်ရှိ ဥကရိထစခန်းသိမ်း တိုက်ပွဲပြင်းထန်နေဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k

နိရဉ္စရာ၊ ဇွန် ၂၉/၂၀၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ စစ်ကောင်စီတပ်၏ ဥကရိထစခန်းကို KNLA/KNDO ပူးပေါင်း စစ်ကြောင်းများက ဇွန် ၂၆ ရက်နေ့က စတင်ပြီးသိမ်းပိုက်ရန် ကြိုးစားနေရာ ယနေ့နံနက်အထိ တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းများအရသိရသည်။
၎င်းစစ်စခန်းကို KNLA/KNDO ပူးပေါင်း စစ်ကြောင်းကသိမ်းပိုက်ရန် တိုက်ခိုက်နေသည်မှာ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်ကတည်းက ဖြစ်ပြီး ယနေ့ဆိုလျှင် တိုက်ပွဲဖြစ်နေသည်မှာ ၄ ရက်ထဲ ဝင်လာပြီဖြစ်သည်ဟု သိရသည်။
၎င်းဥကရစ်ထ စစ်ကောင်စီ ခြေကုတ်စခန်းသည် မြဝတီ ၊ သေ့ဘောဘိုး၊ ဝေါလေ မြို့သစ် အဝင်မုလအိ၊ စုကလိလမ်းပိုင်း ထိပ်လမ်းဆုံ နေရာတွင် တည်ရှိပြီးခံစစ် နှင့် နယ်ခြားစစ်ဗျူဟာ လက်အောက်ခံ အခြေချစစ်စခန်း တစ်ခုဖြစ်ကြောင်း၊ KNU တပ်မဟာ ၆ နယ် မြေအတွင်း KNLA / KNDO တပ်ဖွဲ့ များက စခန်း ၅ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက်ထပ်သိမ်းပိုက်ရန် တိုက်ခိုက်နေသည့် ၆ ခု မြောက်စစ်စခန်းဖြစ်ကြောင်း ကရင်သတင်းစဉ် KIC သတင်းအရ သိရသည်။
စစ်စခန်းနေရာအချို့ကို KNLA/KNDO ပူးပေါင်း စစ်ကြောင်းက သိမ်းပိုက် ထားနိုင်ပြီဖြစ်သော်လည်း ဝေါလေ ဗျူဟာစစ်ကောင်စီစခန်းက လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသလို တိုက်လေယာဉ်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြသည်။
‘’မနေ့က ညနေပိုင်းမှာ သူတို့ လက်နက်ကြီး ကတုတ်ကို ဖြိုတိုက်နိုင်ပြီးတော့ စခန်းထဲ ၀င်နိုင် နေပါပြီ။ ဒါပေမဲ့ စစ်ကောင်စီက ဝေါလေ ဗျူဟာကုန်းဘက်ကို လက်နက်ကြီးတွေ၊ ခဲယမ်းတွေ မနေ့ညနေက ရဟတ်ယာဉ်နဲ့ လာချ ပေးထားတော့ အဲဒီကနေ တစ်ညလုံး နက်နက်ကြီးတဲ့ တောက်လျှောက် ပစ်နေတယ်။ လေယာဉ်ကလည်း ၂စီး တောက်လျှောက်လာပြန်ပစ်နေတာ ၁၀ ကြိမ်ထက်မနည်းဘူး။ ကင်းထောက်တစ်စင်းကလည်း ဝဲပျံနေတယ်။ မြေပြင် စစ်စခန်းထဲက စစ်ကောင်စီရဲ့ စစ်ကတုတ်တွေထဲမှာ ပိတ်မိပြီး ခံပစ်နေတဲ့ စစ်သားတွေရှိနေသေးတာကို ဒီမနက်ပိုင်းမှာ ဆက်ရှင်းနေတုန်းပါပဲ။ တချို့ ဘန်ကာ တွေ ကိုတော့ ကရင်အဖွဲ့ တွေ မီးရှို့ ဖျက်နေပြီ’’လို့ KNLA/KNDO ပူးပေါင်းစစ်ကြောင်းနှင့် နီးစပ်သည့် စစ်ရေး သတင်းအရင်းအမြစ်ကို ကိုးကားပြီး ဘီဘီစီက ဖော်ပြသည်။
၎င်းတိုက်ပွဲကြောင့် ဝေါလေမြို့နယ်ခွဲ ရပ်ကွက်နေပြည်သူ ၃၀၀ ၀န်းကျင် ခန့်သည် နေအိမ်ကတုတ်ကျင်းများအတွင်း ပိတ်မိခိုလှုံနေကြရသည်ဟု ကရင်သတင်းစဉ် KIC တွင် သတင်းဖော်သည်။
ဝေါလေမြိုင် မြို့နယ်ခွဲ အမှတ် -၂ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဝေါလေ အမှတ် ၂ ရပ်ကွက်၊ ဂျပန်၀င်းဟု ခေါ်သည့် ဂျပန်တွေဆောက်ပေးသည့် ငြိမ်းချမ်းရေးအိမ်ယာ၀င်းဘက်တွင် ရပ်ကွက်သားတွေ ၃၀၀ လောက် ပိတ်မိနေသည်ဟု ပြောဆိုသည်။
တခြားရပ်ကွက်အပိုင်းများတွင်လည်း လက်နက်ကြီးကျမည်ကိုကြောက်ပြီး မြေကတုတ်များတွင်နေနေကြရသည်ဟု ပြောသည်။
ယနေ့ နံနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်များဘက်မှ ဥကရစ်ထ စစ်ကောင်စစ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နေသည့် တိုက်ပွဲမှာ ပြင်းထန်နေပြီး စခန်းကုန်းဘက်သို့ စစ်ကောင်စီ ဝေါလေဗျူဟာကုန်းနှင့် ထီးသဲဘလယ် လက်နက်ကြီးကုန်းတို့မှ လက်နက်ကြီးများပစ်ခတ်ခြင်းများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီတောင်ဘက် သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းကို KNLA /KNDO ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၆ ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ