- Web Master
- ၂၃ ဇွန် ၂၀၂၃
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂၀၂၃
KBZ အကောင့်များအတွင်းက ငွေကြေးလိမ်လည်ထုတ်ယူခဲ့သည့် နိုင်ဂျီးရီးယား နိုင်ငံသား (၅)ဦး အပါအ၀င် ၁၁ ဦးကို ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ပြောဆိုသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်၊ သင်္ဃကျွန်းမြို့နယ်က အမျိုးသမီး (၁)ဦး ၏ KBZ အကောင့်မှ ငွေကျပ် သိန်း ၁၀၂၀ နှင့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ကမာရွတ်မြို့နယ်က အမျိုးသမီး (၁)ဦး၏ KBZ အကောင့်မှ ငွေကျပ် သိန်း ၃၇၀ တို့အား ထုတ်ယူခံရမှုကို သက်ဆိုင်ရာ ရဲစခန်းများသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုင်ကြားမှုကြောင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ငွေကြေး လိမ်လည်လွှဲ ပြောင်းရာတွင် အသုံးပြုသည့် Bank အကောင့်များ ဖွင့် ထားမှုကို တွေ့ရှိခဲ့ရပြီး ဘဏ်အကောင့်ဖွင့်လှစ် ရောင်းချ ခဲ့သည့် တရားခံ အမျိုးသား ၄ဦးနှင့် အမျိုးသမီး ၂ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖမ်းဆီးရမိသည့် Bank အကောင့်များဖွင့်လှစ်ရောင်းချတို့၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရန်ကုန်၊ သန်လျင်မြို့နယ်က Star City အိမ်ရာအမှတ် (၁၈၀၂) တိုက် (C-4) တွင် ငွေကြေးလိမ်လည်ထုတ်ယူ ခဲ့သည့် နိုင်ဂျီးရီးယား နိုင်ငံသား လင်မယား (၂)ဦးကို ငွေကြေးများ၊ သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။
၎င်း တို့၏ ထွက်ဆိုချက်များအရ KBZ Pay အကောင့်အား လိမ်လည်မည့်သူထံသို့ Online မှတဆင့် KBZ Pay Level မြှင့်တင်ပေးမည့်ဟု ပုံစံအမျိုးမျိုးဖြင့် ရှာဖွေခဲ့ကြကြောင်း သိရှိရသည်။
ထိုမှ တဆင့် KBZ Pay ဖုန်းနံပတ်များတောင်းခံခြင်း၊ OTP နံပတ်များဆောင်းခံပြီး၊ မှတ်ပုံတင်နံပတ်တောင်းခံ အသုံးပြုပြီး ငွေကြေးများ ထုတ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးရမိသည့် တရားခံများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ပြည်ပသို့ရောက်ရှိနေသည့် ဆက်စပ် တရားခံများကိုလည်း ဖမ်းဆီးနိုင်ရေးအတွက် နိုင်ငံတကာရဲ အဖွဲ့အစည်းများနှင့် ဆောင်ရွက်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားသည်။
(NN – 25)