စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

ပြည်သူ့စိတ်နှလုံး သိမ်းကျုံးပူပန်စေသည့် စစ်မှုထမ်းဥပဒေ အလုပ်ဖြစ်၊ မဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 509

နိဒါန်း

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း ကြေညာသည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစပြီး မြန်မာပြည်သူလူထု၏ စိတ်နှလုံးသည် နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်နေကြရသည်ကို တွေ့ရသည်။ တချို့က နိုင်ငံရပ်ခြား၊ တချို့က အာဏာသိမ်းစစ်အုပ်စု ထိန်းချုပ်မှုကင်းလွတ်ရာ လွတ်မြောက်နယ်မြေများ၊ တချို့က အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်ကြသည့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များထံ ထွက်ပြေးတိမ်းရှောင်ကြရန် ပြင်ဆင်လာကြသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်နိုင်သည့် လူဦးရေ ၁၄ သန်းနီးပါး(အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း) ရှိသည်ဟု ဆိုထားသည့်တိုင် အဆိုပါ ကိန်းဂဏန်းများသည် မြန်မာနိုင်ငံအတွင်း အမှန်တကယ်ရှိနိုင်ပါသလား၊ ဆိုခဲ့ပါ ကိန်းဂဏန်းများသည်ပင် အာဏာသိမ်းစစ်အုပ်စုထံတွင် “နိုင်ငံတော်ကာကွယ်ရေးအတွက်” ဟု ဆိုကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် စစ်မှုထမ်းကြမည်ဟု ယုံကြည်ရပါသလား။ ထိုတင်မက စစ်အာဏာသိမ်းမှုအား နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်နေကြသော နွေဦးတော်လှန်ရေးအင်အားစုများထဲတွင် ဆိုခဲ့ပါကိန်းဂဏန်းများထဲမှ မည်မျှ ပါဝင်နေပါသနည်း။

ယခုတပတ် BNI-Myanmar Peace Monitor ၏ နှစ်ပတ်တကြိမ်ထုတ် သတင်းသုံးသပ်ချက်တွင် အာဏာသိမ်း စစ်အုပ်စု၏ နောက်ဆုံးကောက်ရိုးတမျှင်ကဲ့သို့ စွဲကိုင်အသုံးပြုလာသော “ပြည်သူ့စစ်မှုထမ်းဥပဒေ” အာဏာ တည်စေခြင်းသည် ပြည်သူ့စိတ်နှလုံးကို သိမ်းကျုံးပူပန်စေခဲ့သည့်တိုင် မည်မျှအလုပ်ဖြစ်၊ မဖြစ် ဆိုသည်ကို အချက်အလက်၊ အဖြစ်အပျက်ကို အခြေပြုကာ လေ့လာတင်ပြသွားပါမည်။

ဘာကြောင့် စစ်မှုထမ်းဥပဒေလဲ

“နိုင်ငံသားတိုင်း စစ်ပညာသင်ကြားဖို့၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့အတွက်” ဟု အာဏာ သိမ်းစစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုရှင်းလင်းထား သည့်တိုင် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်စေခြင်းသည် အာဏာသိမ်းစစ်အုပ်စုအတွက် တရားဝင် တပ်သားစုဆောင်းရေး အစီအစဉ်တရပ်အဖြစ်သာ ရှုမြင်သုံးသပ်နိုင်ပါသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် အထိ BNI-Myanmar Peace Monitor မှ စုဆောင်း ရရှိထားသည့် မှတ်တမ်းအရ လပေါင်း (၂၀) အတွင်း နိုင်ငံတဝှမ်းလုံးရှိ စစ်မျက်နှာအသီးသီးတွင် သေဆုံး ခဲ့ရသည့် စစ်ကောင်စီတပ်သား ၁၂,၀၀၀ နီးပါး ရှိနေပါသည်။[1] တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များ၊ မြို့ပြဒေသအလိုက် PDF-LDF များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ PDF တပ်ရင်း တပ်ဖွဲ့များ၏ နိုင်ငံတဝှမ်းခုခံတော်လှန်စစ် ဆင်နွှဲနေသည့်ကာလအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုနှုန်းသည် မြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်ပါသည်။


ထို့အပြင် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ကာ နွေဦးတော်လှန်ရေးအင်အား စုများဘက်သို့ ကူးပြောင်းလာသည့် တပ်မတော်သားနှင့် ရဲဝန်ထမ်း အရေအတွက်သည်လည်း သောင်းဂဏန်း အထိ ရှိလာပါသည်။[2] “၁၀၂၇ စစ်ဆင်ရေး”ကာလ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ ၅ ရက်နေ့များအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့အား မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) နှင့် တော်လှန်ရေးအင်အားစုများဘက်မှ အပြီးသတ် သိမ်းပိုက်စဉ် စစ်ကောင်စီလက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက)မှ ဗိုလ်မှူးချုပ်၊ အရာရှိနှင့် တပ်ဖွဲ့ဝင်ပေါင်း ၂၃၈၉ ဦး လက်နက်ချ အညံ့ခံခဲ့သည်။[3]

ဆိုရသော် စစ်အာဏာသိမ်းရန် ကြိုးပမ်းနေသည့် ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝှမ်းလုံးရှိ ခုခံတော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများအတွင်း ၎င်းတို့၏တပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးနေခြင်း၊ အစုလိုက်အပြုံလိုက် လက်နက်ချအညံ့ခံနေကြခြင်းများကြောင့် စစ်အင်အားများစွာ ပြုန်းတီးမှုကို ဖာထေးနိုင်ရန် နည်းလမ်းမျိုးစုံ ရှာဖွေခဲ့ပြီး ဖြစ်သည်။ ဥပမာ - အကျဉ်းထောင်အတွင်း အကျဉ်းကျနေသည့် တပ်သားများအား ပြန်လည်ထုတ်ယူကာ စစ်မြေပြင်သို့ ပို့ဆောင်ခြင်း၊ အငြိမ်းစားစစ်မှုထမ်းဟောင်းများအား ပြန်လည်ခေါ်ယူကာ လုံခြုံရေးတာဝန်များပေးအပ်ခြင်း၊ စစ်အုပ်စုထောက်ခံသူများအား စည်းရုံးကာ ပြည်သူ့စစ်များဖွဲ့စည်းခြင်း စသည့် နည်းလမ်းများကို လုပ်ဆောင်နေပါသည်။

ယခုအခါ ၂၀၁၀ ပြည့်နှစ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) လက်ထက်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေ တို့ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၃ ရက်တို့တွင် အာဏာတည်ကြောင်း ကြေညာကာ ၎င်းတို့၏ စစ်အင်အားပြုန်းတီးမှုကို ဖာထေးရန် ကြိုးပမ်း လာသော ကောက်ရိုးတမျှင်မျှသာဖြစ်ပြီး ၎င်းတို့မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာပါက ပြည်သူလူထုအား အသက်အရွယ်၊ ကျားမ၊ အချိန်အခါနေရာမရွေး အဓမ္မဖမ်းဆီးကာ တပ်သားစုဆောင်းခြင်း မျိုးပင် ဖြစ်လာနိုင်သည်ဟု ရှုမြင်ရပါသည်။

ဆက်စပ်သက်ရောက်မှုများ

ပြည်သူ့စစ်မှုထမ်းဥပဒေ (၂၀၁၀)အရ သာမာန်ပြည်သူများအတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ် မှ ၂၇ နှစ် အတွင်း အမျိုးသမီးများ၊ ကျွမ်းကျင်သူများ (ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ၊ အခြားအတတ်ပညာတခုခုဖြင့် အသက်မွေးသူ)အတွက် အသက် ၁၈ နှစ် မှ ၄၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ် မှ ၃၅ နှစ် အတွင်း အမျိုးသမီးများသည် စစ်မှုထမ်းရန် အကျုံးဝင်သူများ ဖြစ်သည်။ စစ်မှုထမ်းကာလကို သာမာန်ပြည်သူများအတွက် ၂ နှစ်နှင့် ကျွမ်းကျင်သူများအတွက် ၃ နှစ် သတ်မှတ်ထားသော်လည်း နိုင်ငံတော်အရေးပေါ်ကာလ ဖြစ်သည့်အတွက် ၅ နှစ် အထိ ထမ်းဆောင်ရနိုင်သည်ကို တွေ့ရသည်။

ဆိုခဲ့ပါ ပြည်သူ့စစ်မှုထမ်းဥ‌ပဒေ အာဏာတည်ကြောင်း ကြေညာအပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရန်ကုန်တိုင်းစစ်ဌာန) မှ သတ်မှတ်စည်းကမ်းချက်များနှင့် အတူ တပ်သားသစ်လျှောက်ထားရန် ဖိတ်ခေါ်ခဲ့ရာ ၁၂ နာရီ အတွင်း တပ်သားသစ်လျှောက်ထားသူ ထောင်နှင့်ချီ ရှိလာခဲ့သည်ဟု ဆိုပါသည်။ အသက်(၁၈)နှစ် မှ (၃၅)နှစ်အတွင်း ကျန်းမာရေး (အထူး) ကောင်းမွန်သူ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒများအား လိုက်နာဆောင်ရွက်နိုင်သူ၊ တော်လှန်ရေးကို ပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိသူ၊ မိမိအပေါ် ပေးအပ်လာသည့် မည်သည့် တာဝန်ကိုမဆို အချိန်မရွေး၊ နေရာဒေသမရွေး ကျေပွန်စွာထမ်းဆောင်နိုင်သူ၊ အမိန့်နာခံတတ်သူ၊ ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိသော တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံနိုင်ပြီး စွန့်စားဝံ့သူ၊ ပညာအရည်အချင်း အထက်တန်းအဆင့်ရှိသူကို ဦးစားပေးဆိုသည့် သတ်မှတ်ချက် (၇) ချက်ကို ရန်ကုန်တိုင်း တပ်သားသစ်ခေါ်ယူရေးကော်မတီက ထုတ်ပြန်ထားသည်။[4]

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် နယ်ချင်းစပ်ဒေသများမှ လူငယ်လူရွယ် (၁၀၀) ကျော်သည်လည်း ချင်းဒေသ ကာကွယ်‌ရေးတပ်ဖွဲ့ (ZFU/PDF Zoland) ထံသို့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ဝင်ရောက်လာခဲ့ပါ သည်။ “အခုတလောက လာဝင်တဲ့လူတွေ များနေတယ်ဆိုတော့ အဆောင်တွေရော၊ အစစအရာရာပေါ့နော်။ မိုးကားတွေ တဲတွေ ဆောက်ဖို့လိုတယ်။ ဖိနပ်တွေ လိုတယ်။ အင်္ကျီတွေ လိုတယ်။ လက်နက်ပိုင်းရော၊ အစား အသောက်ပိုင်း၊ အဆောင်တွေက အစ ရုန်းကန်နေဆဲပဲ။ အစစအရာရာအတွက် ရုန်းကန်းနေရဆဲပဲ” ဟု PDF- Zoland ပြောရေးဆိုခွင့်ရှိသူ ကိုထော်နီက ပြောသည်။[5]

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာပြီးနောက်ပိုင်း တပ်သားသစ်များ ဖိတ်ခေါ်ကြောင်း ကြေညာချက် အသီးသီးထုတ်ပြန်ထားသော နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်ရေး အင်အားစု အများအပြားကိုလည်း တွေ့ရှိနေရပါသည်။ ဥပမာ - ကရင်ပြည်နယ်အတွင်းရှိ Cobra Column 2 VENOM၊ ကျားဖြူ စစ်ကြောင်း (Justice Solider PDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY PDF)၊ ကချင်ပြည်နယ် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရှမ်းတောင် (၁၀၀၈) တပ်ရင်း၊ ရှမ်းတောင် (၁၀၀၅) တပ်ရင်း၊ တနင်္သာရီတိုင်း မြိတ်ခရိုင်တပ်ရင်း-၂ ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တပ်ရင်း-၁၄ (YeU-PDF)၊ ကလေးခရိုင် တပ်ရင်း-၄၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF BO7)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) စသည် တို့ဖြစ်သည်။[6]

ဆိုရသော် အာဏာသိမ်းစစ်အုပ်စုထံတွင် စစ်မှုထမ်းရမည့်အရေးထက် လွတ်မြောက်နိုင်ရေးလမ်းစ ရှာဖွေနေကြသော အလွှာအသီးသီးမှ ပြည်သူများ၏ စိုးရိမ်ပူပန်နေရမှုများသည် အာဏာသိမ်းစစ်အုပ်စု၏ စစ်အင်အားပြုန်းတီးမှု  ဖာထေးနိုင်ရေးကို အကန့်အသတ် ဖြစ်စေနိုင်ပါသည်။ ERO ထိန်းချုပ်နယ်မြေများနှင့် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားရာနယ်မြေတိုင်းသည် စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသော လူငယ်လူရွယ်များ၏ ရွေးချယ်ရာဖြစ်လာနိုင်ကြောင်း ကောက်ချက်ချနိုင်ပါသည်။

သုံးသပ်တင်ပြချက်

ယခုအခါ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် နိုင်ငံတဝှမ်း မြို့ပေါင်း (၄၀) ကျော်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးထားရပြီ ဖြစ်သည်။ “၁၀၂၇ စစ်ဆင်ရေး”၏ တစိတ်တဒေသ ဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရပ်စဲထားသည့်တိုင် ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (ULA/AA) ၏ အပြင်းထန်ဆုံး ထိုးစစ်ဆင်ခြင်းကို ရင်ဆိုင်ကြုံတွေ့နေရသည်။ နိုင်ငံတဝှမ်းလုံးရှိ တော်လှန်ရေး အင်အားစုများ၏ ခုခံတော်လှန်စစ်သည်လည်း ထိုးစစ်အကြိုမှသည် မြို့သိမ်းတိုက်ပွဲများအထိ အရှိန်အဟုန် မြှင့်တင်ရန် စိုင်းပြင်းနေကြသည်။

အာဏာသိမ်းစစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ အာဏာတည်စေခြင်းသည် ဒို့တာဝန်အရေး (၃) ပါးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်ဟု ဆိုထားသည့်တိုင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် စစ်မှုထမ်းရန် ပြင်ဆင်နေကြသော လူငယ်လူရွယ်များကို မတွေ့ရသေးပေ။ နိုင်ငံရပ်ခြား ထွက်ခွာခြင်း၊ လွတ်မြောက်နယ်မြေသို့ ပြောင်းရွေ့ခြင်း၊ တော်လှန်ရေးအင်အားစုများဘက် ပူးပေါင်းခြင်းဆိုသည့် ရွေးချယ်စရာများကိုသာ စဉ်းစားနေကြသည်ဟု ဆိုရမည်ဖြစ်သည်။

ထို့ကြောင့် အာဏာသိမ်းစစ်အုပ်စု၏ နောက်ဆုံးကောက်ရိုးတမျှင်ကဲ့သို့ စွဲကိုင်အသုံးပြုလာသော “ပြည်သူ့စစ်မှုထမ်း ဥပဒေ” အာဏာတည်စေခြင်းသည် ပြည်သူလူထု၏ ကိုယ်စိတ်နှလုံးအား သိမ်းကျုံးပူပန် စေခဲ့သည့်တိုင် ၎င်းတို့၏ စစ်အင်အားပြုန်းတီးမှုအား ဖာထေးနိုင်ရေးအတွက်မူ “မှန်းချက်နှင့် နှမ်းထွက်” ကိုက်ညီနိုင်မည် မဟုတ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ တစ်လနှစ်ကြိမ်ထုတ် သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၃၉ မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။)

 



[1] People's Défense Force Dashboard (1 May 2021 - 20 Feb 2024), Myanmar fatalities https://bit.ly/3wvvl6y

[2] COUP - January 2024 DASHBOARD https://bit.ly/3UZokoH

[3] လောက်ကိုင်မြို့ အား သိမ်းပိုက်လိုက်ပြီဟု MNDAA ကြေညာ https://bit.ly/3S758CE

[4] ရန်ကုန်တိုင်းစစ်ဌာနအတွက် PDF အဖြစ် လျှောက်ထားသူ ‌ထောင်ချီရှိနေ https://bit.ly/49TssuR

[5] စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီး နှစ်ပတ်အကြာမှာ လူငယ်လူရွယ် ၁၀၀ ကျော် PDF Zoland ထံ ဝင်ရောက်လာ https://bit.ly/49CnN0K

[6] တော်လှန်ရေးတပ်ဖွဲ့များက တပ်သားသစ်များခေါ်ယူနေ https://bit.ly/3Ihz4qW

ဆက်စပ် သတင်းများ