ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်၏ ဖက်ဒရယ်စနစ်ဘဏ္ဍာရေးအစီအမံ အခြေခံမူများနှင့်ပတ်သက်၍ စစ်တွေတွင် အကြံပြုဆွေးနွေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 778

နီမင်းထွန်း
နိရဥ္စရာ၊ ဒီဇင်ဘာ ၂ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၏ ဖက်ဒရယ်စနစ်ဘဏ္ဍာရေးအစီအမံ အခြေခံမူများနှင့်ပတ်သက်၍ စစ်တွေမြို့တွင် အကြံပြုဆွေးနွေးနေကြကြောင်း သတင်းရရှိသည်။

စစ်တွေရှိ အာရီယန်ခန်းမတွင် ဒီဇင်ဘာလ ၂ဝ ရက်နေ့မှ ၂၁ ရက်နေ့အထိ နှစ်ရက်ကြာဆွေးနွေးနေကြခြင်းဖြစ်သည်ဟု သိရသည်။

ပြည်သူ့သယံဇာတအဖွဲ့မှ ဦးခိုင်မျိုးထွန်း က “ရခိုင်ပြည်ကထွက်တဲ့ သယံဇာတတွေကို ရခိုင်တွေပိုင်တယ်ဆိုတာ နဲ့ စီမံခန့်ခွဲပိုင်ခွင့်ကို ပြည်နယ်ဖွဲ့စည်းပုံမှာ အခိုင်အမာပြဋ္ဌာန်းရမယ်၊ ပြီးတော့ နိုင်ငံတကာမှာ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရကြားမှာ ဘယ်လိုခွဲဝေမလဲ စတာတွေက စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာရင် အဲဒီ အချက်တွေက ရခိုင်ပြည်နယ်မှာ ပါကိုပါရမယ်။ အဲဒါတွေကို အဓိက ကျနော်ဆွေးနွေးခဲ့တယ်။”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ပြည်နယ်အဆင့်အနေဖြင့် လုပ်ပိုင်ခွင့် မရှိသလောက်နည်းပါးပြီး ပြည်ထောင်စုကသာ စီမံခန့်ခွဲနေသည့်အတွက် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်သည်ဟုလည်း တက်ရောက်ဆွေးနွေးသူများက ပြောကြသည်။

ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ(ကျောက်ဖြူမြို့နယ်)၏ CEC မအေးအေးစိုးက “ဘဏ္ဍာရေးနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတာပေါ့နော်။ ဥပမာ ကျောက်ဖြူ ဓာတ်ငွေ့ကထွက်လာတဲ့ ငွေကြေးကို ပြည်ထောင်စုအနေနဲ့ ကိုင်စွဲထားတယ်။ ပြည်နယ်အဆင့်အနေနဲ့ ကိုင်စွဲရရင် ပိုလို့အဆင်ပြေမယ်ဆိုပြီးတော့ ဆွေးနွေးပါတယ်။”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ယခုဆွေးနွေးနေကြသည့်အကြံပြုဆွေးချက်များကိုအခြေခံ၍ ထွက်လာသောစာတမ်းကို ရခိုင်ပြည်နယ်၏ အရက်ဖက်အဖွဲ့အစည်းဖိုရမ်ကော်မတီသို့ ပေးအပ်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ၂၁ ရာစုပင်လုံညီလာခံသို့ တင်ပြသွားမည်ဟု သိရသည်။

ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ငြိမ်းဖောင်ဒေးရှင်း သုတေသနနှင့်မူဝါဒရေးရာ မန်နေဂျာ ဦးအောင်စံက “၂၁ ရာစု ပင်လုံညီလာခံကို အရပ်ဖက်အဖွဲ့အစည်းဖိုရမ်ကနေတဆင့်တင်မယ့် ဖက်ဒရယ်စနစ်ဘဏ္ဍာရေးအစီအမံဆိုင်ရာ ကိစ္စရပ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သုတေသနလုပ်ခဲ့ပါတယ်။ အဲဒီသုတေသနက ထွက်ရှိလာတဲ့ အချက်တွေကို ဒီဆွေးနွေးပွဲမှာ တင်ပြပြီးတော့ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံပြုဆွေးနွေးချက်ကို ရယူပြီးတော့ လုပ်ဆောင်တဲ့ပွဲဖြစ်ပါတယ်။” ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

၄င်းဆွေးနွေးပွဲကို ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ NGO၊ INGO နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ် ၆၉ ဦးတက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

========================

Unicode -


နိရဉ်စရာ၊ ဒီဇငျဘာ ၂ဝ/၂ဝ၁၉









ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!