ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တောင်ပိုင်းတွင် မိုင်းပေါက်ကွဲပြီးနောက် ပစ်ခတ်မှုဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.8k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောင်တိုဘာ ၂၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းတွင် ယနေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်  ၎င်းပတ်ဝန်းကျင် အနီးတစ်ဝှိုက်တွင် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ပြောဆိုချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၁နာရီ ၂ဝခန့်က  မောင်တောမြို့နယ် တောင်ပိုင်း ခရေမြိုင်နှင့် ဗောထီးကုန်းကြား အသစ် ဆောက်နေသည့် ဆည်သို့ အဝင်လမ်းတွင် ပေါက်ကွဲခြင်းဖြစ်သည်ဟု ကြားသိရကြောင်း မောင်တောမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဦးမောင်အုန်းက “၁၁နာရီ ၂ဝ လောက်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။ ခဏနေတာနဲ့ နယ်ခြားစောင့် ရဲတွေရောက်လာကြတယ်လို့ ပြောပါတယ်။ ကျနော်လည်း အဲ့လောက်ဘဲ သိရတယ်။ လူသွားလူလာတော့ အတား အဆီးမရှိ၊ လားလို့လာလို့တော့ ရတယ်လို့ ပြောကြပါတယ်။ ဘယ်လိုဖြစ်တာလဲဆိုတာ မသိဘူး။ ပေါက်သံ ကြားလိုက်တဲ့ လူတွေကပြောတာပါ”  ဟုပြောသည်။

လမ်းလုပ်နေသည့် ဘက်ဖိုးတစ်စီး မြေတူးရာမှ မြေမြှပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ထိုနေရာတွင် ပစ်ခတ်မှု အနည်းငယ်လည်း ဖြစ်ပွားခဲ့ကြောင်း ဗောထီးကုန်းကျေးရွာသား တစ်ဦးကပြောသည်။

ဗောထီးကုန်းကျေးရွာသားတစ်ဦးက “ခရေမြိုင်နှင့် ဗောထီးကုန်းကျေးရွာကြား ဆည်မြောင်းဘက်သို့ ဝင်တဲ့လမ်း တစ်ခုရှိပါတယ်။ အဲ့ဒီဘေးနားမှာဖြစ်တာပါ။ ကျနော်တို့ကကြောက်လို့ သွားမကြည့်ရဲဘူး။ ပစ်ခတ်သံတစ်ချို့လည်း ကြားလိုက်ရပါတယ် ” ဟု ပြောသည်။

ဆက်လက်ပြီး မောင်တောမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီ  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်ကလည်း ၎င်းပေါက်ကွဲမှု သတင်းကို ဒေသခံတစ်ဦးသတင်းပေးပို့ချက်အရ သိရှိရကြောင်း ပြောဆိုသည်။

“ လမ်းလုပ်နေတဲ့အချိန် ဘက်ဖိုးနဲ့ တူးတဲ့အခါ မိုင်းတစ်လုံးတွေ့တယ်။ နည်းနည်း ပစ်ခတ်တယ်ဆိုတာက နယ်ခြားစောင့်က နည်းနည်းတပ်လှန့်ပြီး ပစ်တယ်ထင်ပါတယ်။ အဲ့လိုဖြစ်တယ်လို့ အဲ့ဒီဘက်က တစ်ခေါက် ဆက်သွယ်ပြီး ပြောလာပါတယ်” ဟု ဦးထွန်းလှစိန်က ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း မောင်တောမြို့နယ်တောင်ပိုင်း ဒုချီရားတန်းကျေးရွာအုပ်စုတွင် မိုင်းပေါက်ကွဲမှုတစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဆက်စပ် သတင်းများ