တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ယနေ့ ပြန်ပို့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 370

(မြန်မာနိုင်ငံတွင်ထောင်ကျနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ဦးအားလည်း မြန်မာမှ ပြန်ပို့မည်)  


နိရဉ္စရာ၊ စက်တင်ဘာ ၂၉/၂၀၂၃

 

အာရက္ခတပ်တော် (AA)နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းကနေ တစ်ဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ အသက်လု ထွက်ပြေးသွားခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးအား ယနေ့ တနင်္ဂနွေနေ့တွင် မြန်မာသို့ ပြန်လည် ပို့ဆောင်မည်ဟု သိရသည်။

 

အလားတူ စစ်ကောင်စီကလည်း မြန်မာဘက်တွင် ထောင်ကျနေသည့် ဘင်္ဂလီလူမျိုး ၈၅ ဦးအား ဘင်္ဂလားဒေ့ရှ်သို့ပြန်ပို့မည်ဖြစ်သည်။

 

ကော့စ်ဘဇား ဒုတိယကော်မရှင်နာ Mohammad Salahuddin မှ ထိုသို့ ပို့ဆောင်မည်ကို အတည်ပြု ပြောကြားခဲ့သည်။

 

“မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ ဘင်္ဂလားဒေ့ရှ် ၈၅ ဦးဟာ ပြစ်ဒဏ်တွေ ပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့မှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တပ်မတော်သား ၈ ဦးနဲ့ နယ်ခြားစောင်တပ်ဖွဲ့ဝင် ၁၁၅ ဦး၊ ပေါင်း ၁၂၃ ဦးကိုလည်း မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်သွားမှာဖြစ်ပါတယ်။” ၎င်းက ပြောဆိုသည်။



 

ယနေ့ တနင်္ဂနွေနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ဦးသည့် ကော့်စဘဇားရှိ Nuniarchara ဆိပ်ကမ်း သို့ ရောက်ရှိမည်ဖြစ်ပြီး  ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲ (BGP) ၁၂၃ ဦးသည် အဆိုပါ ဆိပ်ခံတံတားမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဟု ဆိုသည်။

 

မြန်မာသို့ ပြန်ပို့မည့်  ၁၂၃ ဦးအထဲတွင် စစ်ကောင်စီ စစ်သား ၈ ဦးနှင့် နယ်ခြားစောင့် အဖွဲ့ဝင် ၁၁၅ ဦးပါဝင်သည်ဟု သိရသည်။

 

မြန်မာက ပြန်ပို့မည့် ဘင်္ဂလားဒေ့ရှ် ၈၅ ဦးတွင် မော်လမြိုင်အကျဉ်းထောင်တွင် ၂၆ ဦး၊ ပုသိမ်ထောင်တွင် ၁၆ ဦး၊ ချောက်ထောင်တွင် ၃ ဦး၊ ကျန်ရခိုင်အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူများဟု သိရသည်။

 

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) Teknaf-2 တပ်ရင်းမှူး ဒု Col Mohiuddin Ahmed က “ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း စစ်သားတချို့ အပါအဝင်  BGP အဖွဲ့ဝင် ၁၂၃ ဦး နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို  ခိုလှုံခဲ့ကြရပါတယ်။ အခုသူတို့ကို ပြန်ပို့မှာ ဖြစ်ပါတယ်”ဟု ပြောသည်။  

 

ထိုသို့ ပြန်ပို့ရာတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦး၊ ဧပြီလ ၂၅ ရက်နေ့တွင်  ၂၈၈ ဦး၊ ဇွန်လ ၈ ရက်နေ့တွင် ၁၃၄ ဦးတို့ကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!